၂၀၂၅ အောက်တိုဘာ ၁၈
Fact-check_ Akyab Post/ The Red Flag
အခုရက်ပိုင်း ဆိုရှယ်မီဒီယာမှာ ချင်းပြည်နယ် တွန်းဇံမြို့နယ်က CDF ရဲ့ စခန်းကို စစ်ကော်မရှင်ဖက်ကနေ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
Facebook ဆိုရှယ်မီဒီယာမှာ “ရင်သွေး လုင်” ဆိုတဲ့ အကောက်ကနေ အောက်တိုဘာလ ၁၄ ရက်နေ့မှာ “တွန်းဇံမြို့ကိုလေကြောင်းဗုံးကြဲတိုက်ခိုက်သုတ်သင် ချင်းပြည်နယ်၊ တွန်းဇံမြို့ကို ဒီနေ့နေ့လည် ၂နာရီခန့် လေကြောင်းဗုံးကြဲ တိုက်ခိုက်သုတ်သင်သွားတယ်လို့ သိရပါတယ်။ “မီးသတ်ကုန်းနဲ့ ရဲစခန်းကြား CDFစခန်းပေါ် တည့်တည့်ကျတယ်။ နောက်တစ်လုံးက Tonzaang-Nakzaang လမ်းခွဲကျတယ်”လို့ပြောပါတယ်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
Facebook ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တာဟာ CDF စခန်းမဟုတ်ဘဲ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ ဖြစ်နေတာကို တွေ့ရှိရပါတယ်။
ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ကနေ ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ဖြန့်ချိထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse image search tool နဲ့ စစ်ကြည့်လိုက်တဲ့အခါမှာ ချင်းအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Zalen ကနေ အောက်တိုဘာလ ၁၄ ရက်နေ့မှာ “တွန်းဇံနဲ့ မတူပီမြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်” ဆိုတဲ့ သတင်းမှာပါရှိတဲ့ သတင်းဓာတ်ပုံတွေ ဖြစ်နေတာကို တွေ့ရပါတယ်။
Zalen သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ သတင်းဓာတ်ပုံမှာ သုံးထားတဲ့ ပုံတွေဟာ အောက်တိုဘာ ၁၀ ရက်နေ့က မတူပီမြို့မှာ လေကြောင်းတ်ိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ယေရှူအသင်းတော် ဘုရားကျောင်းတစ်ကျောင်း ဖြစ်ပြီးတော့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိပြီးတော့ အနီးအနားက အိမ်တွေလည်းပျက်စီးသွားတယ်လို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် google မှာ တွန်းဇံမြို့လေကြောင်းတိုက်ခိုက်ခံရ ဆိုတဲ့ keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့ အခါမှာလည်း ချင်းဒေသအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Khonumthung သတင်းဌာနကနေ အောက်တိုဘာလ ၁၄ ရက်နေ့မှာ “တွန်းဇန်မြို့လေကြောင်းတိုက်ခိုက်မှု နေအိမ် ၃ လုံးပျက်စီး” ဆိုတဲ့ သတင်းကို တွေ့ရှိရပါတယ်။
Khonumthung သတင်းဌာနရဲ့ ရေးသားချက်တွေအရ ချင်းပြည်နယ် တွန်းဇန်မြို့က Khuavung ရပ်ကွက်နဲ့ မီးသတ်တပ်ကုန်းနေရာကို စစ်ကောင်စီဖက်ကနေ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၃ လုံးခန့်ပျက်စီးခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Ayeyarwaddy Times ကနေလည်း အောက်တိုဘာလ ၁၄ ရက်နေ့မှာ တွန်းဇံမြို့ကို အောက်တိုဘာ ၁၄ ရက်၊ နေ့လယ် နှစ် နာရီဝန်းကျင်တွင် စစ်ကော်မရှင်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်သွားတယ်လို့ ရေးသားဖော်ပြထားပါတယ်။
စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ ချင်းပြည်နယ် တွန်းဇံမြို့ကို စစ်ကော်မရှင်ဖက်ကနေ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပျက်စီးခဲ့တာဟာ CDF စခန်းမဟုတ်ဘဲ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ ဖြစ်နေတာကိုသာတွေ့ရပါတယ်။
ယခင်ကလည်း စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကော်မရှင်ရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်ဆီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်နေပါတယ်ဆိုပြီး လိုသလို ပုံဖော်ပြီး ရေးသားဖော်ပြလေ့ရှိပါတယ်။
လက်ရှိ စစ်ကော်မရှင်ဟာ မြန်မာတစ်နိုင်ငံလုံးအနဲ့မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်လျက်ရှိပြီးတော့ ဒီကျူးလွန်မှုတွေကို ဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
