ICJ မှာ စစ်တပ်က အမှုရှုံးသွားရင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ နေ့စဉ် အဖမ်းခံရမယ်လို့ စစ်လော်ဘီတွေ ခြိမ်းခြောက်ဝါဒဖြန့်
၂၀၂၆၊ ဇန်နဝါရီလ ၂၆ ရက်
(Fact Check _ LGE/ MFCN)
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ စစ်တပ်က အမှုရှုံးနိမ့်သွားရင် ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နေ့စဉ် အဖမ်းခံရမယ်လို့ စစ်တပ်လော်ဘီတွေက ခြိမ်းခြောက်ဝါဒဖြန့်နေပါတယ်။
အမေရိကန်ရောက် မြန်မာဆရာတော်တပါးဖြစ်သူ Ven U Kundala ရဲ့ Facebook မှာ မျှဝေထားတဲ့ Post တခုကို အခြေခံကာ ဇန်နဝါရီ ၁၈ ရက်မှာ Subscriber ၃၆,၀၀၀ ကျော်ရှိ စစ်တပ်ဝါဒဖြန့် “နေပြည်တော်” ချန်နယ်ကနေ ခြိမ်းခြောက်ဝါဒဖြန့်ခဲ့ပါတယ်။
Ven U Kundala Facebook Post – http://archive.today/OBvoN
စစ်တပ် ဝါဒဖြန့်ထားတဲ့ အကြောင်းအရာ – http://archive.today/swIdB
သတင်းစိစစ်ချက်
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Lagon Eain က စိစစ်ကြည့်ရာမှာ ICJ မှာ စစ်တပ်ရင်ဆိုင်နေရတဲ့ အမှုရှုံးသွားရင် ပြည်ပရောက်မြန်မာတွေ နေ့စဉ် အဖမ်းခံရမယ်ဆိုတဲ့ သက်သေအထောက်အထား မတွေ့ရှိရပါဘူး။
“၁၉၄၈ ဂျီနိုဆိုက်ဥပဒေအရ မြန်မာနိုင်ငံက တာဝန်ရှိတယ်လို့ ဆုံးဖြတ်လိုက်တာကို မစိုးရိမ်ပါနဲ့၊ ဂျီနိုဆိုက်ဥပဒေအရ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို သတ်တာ ဘယ်သူလဲ၊ ဘယ်လောက်သတ်လဲ၊ ဘယ်လိုရက်ရက်စက်စက်သတ်လဲ၊ နိုင်ငံအများစုက သိကြပါတယ်၊ တကယ်လို့ ချလိုက်ရင်တော့ ခေတ္တခဏတော့ နိုင်ငံသားတွေ တစုံတရာ ရိုက်ခတ်ခံရပါတယ်၊ စစ်အာဏာရှင်က ပြုတ်ကို ပြုတ်မှာ နောက်တက်လာတဲ့ အစိုးရက တဖြည်းဖြည်းနဲ့ ဒီအမှုကို သေချာရှင်းပြသွားနိုင်ရင် ဒီလောက်ကြီး စိုးရိမ်စရာ မရှိပါဘူး” လို့ ဥပဒေပညာရှင် ဦးအောင်ထူးက DVB ကို အင်တာဗျူး ဖြေဆိုထားပါတယ်။
DVB သတင်း Link – http://archive.today/k5vrF
အမှုရှုံးခဲ့ရင်တော့ မြန်မာနိုင်ငံဟာ လူမျိုးတုန်းသတ်ဖြတ်မှု သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့ တရားဝင် သတ်မှတ်ခံရပါမယ်။ ဒါဟာ နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်စေပါတယ်။ ထိခိုက်ခံစားရသူတွေကို လျော်ကြေးပေးဖို့ ဒါမှမဟုတ် ဒုက္ခသည်တွေကို အခွင့်အရေးအပြည့်အဝပေးပြီး ဘေးကင်းစွာ ပြန်လည်လက်ခံဖို့လည်း တရားရုံးက အမိန့်ချနိုင်ပါတယ်။ နောင်မှာ ဒီလိုကိစ္စမျိုး မဖြစ်အောင် ဥပဒေတွေ ပြင်ဆင်ဖို့နဲ့ လူနည်းစုတွေကို ကာကွယ်ပေးဖို့ တရားရုံးက အမိန့်ထုတ်နိုင်ပါတယ်လို့ People Spring သတင်းဌာနက ရေးသားထားပါတယ်။
People Spring သတင်း link – http://archive.today/K1dnw
သုံးသပ်ချက်
ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတာဟာ မြန်မာနိုင်ငံအစိုးရကနေ ကျူးလွန်ထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပြီး မြန်မာနိုင်ငံသားတွေကို တရားစွဲဆိုထားခြင်းမဟုတ်ပါဘူး။
လွတ်လပ်သော သတင်းမီဒီယာတွေ ဖြစ်တဲ့ Myanmar Now၊ BBC Burmese၊ The Irrawaddy – Burmese Edition စတဲ့ သတင်းဌာနတွေမှာလည်း ICJ မှာ မြန်မာစစ်တပ်က အမှုရှုံးသွားရင် ပြည်သူရောက် မြန်မာတွေ ဖမ်းဆီးခံရမယ် ဆိုတာ သတင်းဖော်ပြထားတာ မတွေ့ရသလို ဥပဒေပညာရှင်တွေရဲ့ သုံးသပ်ချက်တွေမှာလည်း မတွေ့ရပါဘူး။
ဒါဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ လူမျိုးတုန်းသတ်ဖြတ်တယ်လို့ ICJ က ဆုံးဖြတ်ခဲ့ရင် ဥပဒေအရ ကျူးလွန်သူတဦးချင်းစီရဲ့ ပြစ်မှုကို စစ်ဆေးမယ့် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး ICC မှာ သက်ရောက်မှုရှိနိုင်တာကြောင့် စစ်လော်ဘီတွေဘက်က စစ်တပ်ပြစ်မှုတွေကို ဖုံးကွယ်နိုင်ဖို့ ပြည်သူတွေကို ခြိမ်းခြောက်ပြောဆိုတာ ဖြစ်တယ်လို့ စိစစ်တွေ့ရှိရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို အောက်ဖော်ပြပါ Links ကနေတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Website link – https://myanmarfactcheckingnetwork.org
Facebook link – https://www.facebook.com/share/1Cy232FQNo/
#MFCN#LGE#FactCheck#ICJ#Myanmar_Military
