KNU/PDF တစ်ဦးကို ထိုင်းနိုင်ငံတွင် လက်နက်နှင့်တကွ ဖမ်းဆီးရမိကြောင်း သတင်းအမှားဖြန့်
ဖေဖော်ဝါရီ (၃) ရက်၊ ၂၀၂၆ ခုနှစ်။
KIC/ The Red Flag/ MFCN
KNU/PDF တပ်ဖွဲ့ဝင်တစ်ဦးကို ထိုင်းနိုင်ငံမှာ လက်နက်များနှင့်အတူတကွ ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်များနှင့်တရားခံဖြစ်သူအမျိုးသားတစ်ဦးအပါအဝင် လက်နက်ပြထားသည့် ဓာတ်ပုံ(၂)ပုံဖြင့် ဇန်နဝါရီ(၃၁)ရက်နေ့က လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ဖြန့်ဝေလာသည်။
ဓာတ်ပုံ၏မူလအရင်းအမြစ်နှင့်ပတ်သက်၍ အချက်အလက်စစ်ဆေးပေးသော Tools များအသုံးပြုပြီး Myanmar Fact Checking-Network အဖွဲ့ဝင် ကေအိုင်စီမှ စိစစ်ကြည့်ရာ သတင်းအမှားဖြစ်သည်။
“တပ်မတော်ကိုထောက်ခံသည်” “အကြမ်းဖက် PDF” “သူပုန်” စသည့် စာတိုများ ၎င်းကိုယ်ပိုင်အကောင့်တွင် မကြာခဏရေးသားဖော်ပြလေ့ရှိသော Soe Naing Win ဖေ့ဘွတ်(ခ်)သုံးစွဲမှ “ထိုင်းမှာ KNU/PDF တစ်ဦးကို လက်နက်များနဲ့အတူ ဖမ်းမိတယ်လို့ သတင်းများထွက်ပေါ်” ဟု ဖြန့်ဝေထားခြင်းဖြစ်ပြီး ပို့စ်ကိုကြိုက်နှစ်သက်သူ ၃၆ ဦး၊ ပြန်လည်မျှဝေသူ ၉ ဦးရှိသည်။
ဖြန့်ဝေထားသော သတင်းအမှားလင့်ခ်- https://bit.ly/4qgEA0L
ဖော်ပြပါဓာတ်ပုံအား Reverse Image Search Tools ဖြင့် စစ်ဆေးရာ ထိုင်းနိုင်ငံမြောက်ပိုင်းကသတင်းများ တင်ဆက်ပေးနေသည့် “Maesaipress” အမည်ရှိ မီဒီယာတစ်ခုက ဇန်နဝါရီလ(၃၀)ရက်နေ့က တင်လာသောပုံများဖြစ်ကြောင်း တွေ့ရသည်။
Maesaipress- https://shorturl.at/tOnEl
ပို့စ်ကိုထိုင်းဘာသာစကားဖြင့် ဇန်နဝါရီ(၃၀)ရက်နေ့ညနေပိုင်းက ထိုင်းနိုင်ငံ၊ ချင်းရိုင်၊ မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ ဘေးတွဲဆိုင်ကယ်ပေါ်တွင် ကုန်ပစ္စည်းများသယ်ဆောင်ပြီး အတူဝှက်ယူလာသည့် လက်နက်တစ်လက်နှင့်ကျည်များကို ဖမ်းဆီးရမိခဲ့သည်ဟု သတင်းဌာနကဖော်ပြသည်။
အဆိုပါသတင်းကို သတင်းလုပ်ငန်းစဥ်အတိုင်းလုပ်ဆောင်နေသည့် မဲခေါင်သတင်းဌာနက ဇန်နဝါရီ(၃၁)ရက်နေ့တွင် ကိုးကားပြီးဆက်လက်ဖော်ပြခဲ့သည်။
MeKong News- https://shorturl.at/s7l72
သတင်းအရ အသက် (၅၀)နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး၏ဘေးတွဲဆိုင်ကယ်ပေါ်မှတွေ့ရှိရသည့် လက်နက်ခဲယမ်းများဟု ရေးသားထားကြောင်းသာသိရပြီး KNU (သို့မဟုတ်) PDF စကားလုံးမပါဝင်ပါ။
Soe Naing Win ဖော်ပြထားသည့်ပုံများ၏ရေစာ(Watermark)တွင်လည်း “Maesaipress” ဟု ရေးထားခြင်းဖြစ်ပြီး မူရင်းထိုင်းသတင်းမှကူးယူလာကြောင်း အထင်အရှားတွေ့ရသည်။
နယ်မြေအနေအထားအရ မယ်ဆိုင် တစ်ဖက်ကမ်းသည် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နယ်အတွင်းရှိ၍ ရှမ်းပြည်နယ်အရှေ့ပိုင်းနယ်စပ်ဒေသဖြစ်သည်။ ထိုင်း-မြန်မာအပြင် လာအိုနိုင်ငံနှင့်လည်းထိစပ်နေသည့် ရွှေတြိဂံနယ်မြေအဖြစ် လူသိများပြီး ရှမ်းနှင့်ပအိုဝ်းလက်နက်ကိုင်များအပြင် တရုတ်မူးယစ်ဂိုဏ်းလက်နက်ကိုင်များနှင့် စစ်အုပ်စု၏ပြည်သူ့စစ်တပ်ဖွဲ့များလည်း ထိုဒေသတွင်လှုပ်ရှားသည်။
ကေအဲန်ယူစစ်ရေးလှုပ်ရှားသည့်ဒေသမဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့စုံရှိနေ၍ KNU (သို့မဟုတ်) PDF တပ်ဖွဲ့ဝင်က သယ်ဆောင်လာခြင်းဖြစ်ကြောင်း အလျှင်စလိုကောက်ချက်ချ၍မရပေ။
ပုံပါမူရင်းသတင်းအရင်းအမြစ်များနှင့်တိုက်ဆိုင်စစ်ဆေးရာတွင်လည်း KNU (သို့မဟုတ်) PDF ကလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြမထားပါ။ ထိုအစား မြန်မာနိုင်ငံသားတစ်ဦးထံမှ လက်နက်ဖမ်းမိခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးရေးလုပ်ဆောင်နေသည်ဟုသာ တွေ့ရသည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသည့်ဝါဒဖြန့်အကောင့်က လုပ်ကြံပြီး သတင်းအမှား ဖြန့်ဝေမှုဖြစ်သည်ဟု သုံးသပ်ရသည်။
စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။
Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။
