Fact-check _TawNaw FM / The Red Flag/ MFCN
6 Nov 2025
အနှစ်ချုပ်
အာဏာသိမ်းစစစ်တပ်ဟာ ဘာသာရေးအကြောင်းပြပြီး လူထုနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား သွေးခွဲလှုံ့ဆော်ဝါဒဖြန့်မှုပြုလုပ်ဖို့ သတင်းကို လှည့်ဖြားမှားယွင်း ဖော်ပြထားတာဖြစ်ပါတယ်။
စစ်ဆေးထားတဲ့ အချက်အလက်တွေအရ ရွှေဘိုမြို့ အောင်မြေချမ်းမြေစာသင်တိုက်ပေါ် ကျရောက် ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးဟာ အာဏာသိမ်းစစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။
အောက်တိုဘာလ ၂ ရက် ညနေပိုင်းမှာ PDF တွေက ရွှေဘိုမြို့ပေါ်ကို လက်လုပ်ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် သံဃာတော်တွေ သီတင်းသုံး နေထိုင်တဲ့ အောင်မြေဘုန်းတော်ကြီး ကျောင်းဝင်းရှိ ချမ်းမြေ့ကျောင်းတိုက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင်သုံးပါး ပျံလွန်တော်မူသွားတဲ့အပြင် ရှစ်ပါးဒဏ်ရာရရှိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် လော်ဘီ မီဒီယာဖြစ်တဲ့ Eleven Media Group က သတင်းရေးသားခဲ့ပါတယ်။
အဲဒီသတင်းကို မျှဝေသူ ၉၇ ဦး၊ မှတ်ချက် ၁၃၃ ခုနဲ့ Reation ပေးသူ ၁,၃၀၀ ကျော်ရှိပြီး တခြားစစ်တပ်လော်ဘီမီဒီယာ Facebook Page တွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ရေးသားဖြန့်ဝေထားပါတယ်။
သတင်းအမှား Archive Link
ပျံ့နှံ့လာတဲ့အကြောင်းအရာတွေကို Myanmar Fact-checking Networkအဖွဲ့ဝင်ဖြစ်တဲ့ TawNaw Fact-check အဖွဲ့က အချက်အလက်စစ်ဆေး ကြည့်တဲ့အခါ သတင်းမှာဖြစ်နေတာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
ရွှေဘိုမြို့ အောင်မြေချမ်းမြေ့ဘုန်းတော်ကြီး ကျောင်းဝင်းထဲမှာ လက်နက်ကြီးကျရောက်မှုကြောင့် ကိုရင်သုံးပါးပျံလွန်တော်မူပြီး ရှစ်ပါးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ထိုလက်နက်ကြီးဟာ PDF တွေပစ်တာ မဟုတ်ဘဲ အာဏာသိမ်းစစ်တပ်ဘက်က ပစ်ခတ်တာဖြစ်တယ်လို့ လွတ်လပ်တဲ့သတင်းမီဒီယာတွေက ဖော်ပြထားတာကို တွေ့ရပါတယ်။
ထိုသတင်းကို People Spring, DVB နဲ့ မြေလတ်အသံတို့အပြင် တခြားသတင်းဌာနတွေ ကလည်း သတင်းရေးသားထားပါတယ်။
People Spring မှာ အောက်တိုဘာလ ၂ ရက်က စစ်ကောင်စီစစ်ကြောင်းဟာ တဂဏန်းကျေးရွာကို ဝင်ရောက်ချိန် ဒေသတွင်းတော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲဖြစ်ချိန်မှာ ရွှေဘို ကညနရုံးနဲ့ ထောက်ပို့တပ်(၂)ထဲ ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေထဲက တစ်လုံးဟာ ရွှေဘိုမြို့ပေါ်က အောင်မြေချမ်းမြေ့ဘုန်းကြီးကျောင်းထဲကျရောက်သွားတာကို မြို့ခံတွေကပြောတယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်
DVB မှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရွှေဘိုမြို့ခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အချက်များစွာပစ်ခတ်ခဲ့ပြီး ထိုကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကလည်း စစ်တပ်ဘက်ကပစ်တာ ဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်
မြေလတ်အသံမှာလည်း ဘုန်းကြီးကျောင်းဝင်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးဟာ ကျောက်မြောင်းအခြေစိုက် ခမရ ၁၁ က ပစ်ခတ်တာဖြစ်ပြီး ပြီးခဲ့တဲ့ မတ် ၂၅ ရက်ကလည်း ရွှေဘိုမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ အောင်ဇေယျစျေးထဲကို အမှတ် ၈ လေ့ကျင်ရေးတပ်ကနေ ပစ်တဲ့ လက်နက်ကြီးကျလို့ ကလေးငယ်အပါအဝင် ၅ ဦးဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်
သုံးသပ်ချက်
စစ်ဆေးထားတဲ့ အချက်အလက်တွေအရ ရွှေဘိုမြို့ အောင်မြေချမ်းမြေစာသင်တိုက်ပေါ် ကျရောက် ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးဟာ အာဏာသိမ်းစစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးထိန်းချုပ်နယ် မြေတွေထဲက ဘာသာရေးအဆောက်အအုံတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာသာရေးအဆောက်အအုံတွေနဲ့ လူနေအိမ်တွေကိုလည်း ပစ်ခတ်မှုတွေအမြဲမပြတ်လုပ်ဆောင်ခဲ့ပါတယ်။
ဘာသာရေးအကြောင်းပြပြီး လူထုနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား သွေးခွဲလှုံ့ဆော်ဝါဒဖြန့်မှုပြုလုပ်ဖို့ သတင်းကို လှည့်ဖြားမှားယွင်း ဖော်ပြထားတာဖြစ်ပါတယ်။
ဒါအပြင် Eleven Media ဟာ အာဏာသိမ်းစစ်တပ်ဘက်က တစိုက်မတ်မတ် ရပ်တည်ရေးသားနေတဲ့ ပြည်တွင်းမီဒီယာလည်းဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ရည်ရွယ်ပြီး သတင်းတု သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေမှုတွေ ရှိတာကြောင့် အလွယ်တကူမယုံကြည်ဖို့လိုအပ်ပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Tawnaw FM ကို အောက်ဖော်ပြပါ စာမျက်နှာတွေမှာလည်း ကြည့်ရှုနိုင်ပါတယ်။
Website – www.tawnawfm.com
Telegram – https://t.me/tawnawfm
Youtube – https://shorturl.at/ksHUV
