ကရင်လူငယ်ခေါင်းဆောင်စောဖိုးဝါးကို KNU က လုပ်ကြံသတ်ဖြတ်လိုက်ကြောင်း စစ်အုပ်စုဝါဒဖြန့်မီဒီယာ သတင်းအမှားဖြန့်

ကရင်လူငယ်ခေါင်းဆောင်စောဖိုးဝါးကို KNU က လုပ်ကြံသတ်ဖြတ်လိုက်ကြောင်း စစ်အုပ်စုဝါဒဖြန့်မီဒီယာ သတင်းအမှားဖြန့်
ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။
KIC/ The Red Flag/ MFCN
ထိုင်းနိုင်ငံနယ်စပ်တွင် ယာဥ်မတော်တဆမှုဖြစ်ပြီး သေဆုံးသူ ကရင်လူငယ်ခေါင်းဆောင်စောဖိုးဝါးကို ကေအဲန်ယူက လုပ်ကြံသတ်ဖြတ်လိုက်ခြင်းကြောင့်ဖြစ်ကြောင်း စစ်အုပ်စုဝါဒဖြန့်မီဒီယာများမှ သတင်းအမှားဖြန့်နေသည်။
၁သိန်း ၈ သောင်းကျော် Subscriber ရှိသည့် “မှိုင်းဝေ” တယ်လီဂရမ်မှ ဇန်နဝါရီ(၂၆)ရက်နေ့စွဲဖြင့် ကေအိုင်စီ-ကရင်သတင်းဌာန၏ စောဖိုးဝါး နာရေးအခမ်းအနားသတင်းကို Screen Shot ရိုက်ယူကာ “ကရင်လူငယ်ခေါင်းဆောင်ကို ကေအဲန်ယူကလုပ်ကြံသတ်ဖြတ်ပြီး မတော်တဆဟုသတင်းလွှင့်” “လူငယ်တွေကိုနေရာပေးရမှာကြောက်လို့, နောက်ထပ်တက်လာမယ့်သူတွေကို ကြိုရှင်းပစ်လိုက်တာထင်တယ်” စသည့်စာသားများဖြင့် ဝါဒဖြန့်သတင်းလွှင့်နေခြင်းဖြစ်သည်။ “Min Din” အမည်ရ တယ်လီဂရမ်ချန်နယ်ကလည်း အလားတူ သတင်းဖြန့်ထားသည်။
မှိုင်းဝေ- https://archive.ph/9o21f
လူမှုမီဒီယာပေါ်တွင် ဖြန့်ဝေနေသည့်သတင်းများကို အချက်အလက်မှန်မမှန် စစ်ဆေးပေးနေသည့် Myanmar Fact-Checking Network အဖွဲ့ဝင် ကေအိုင်စီမှဖော်ပြပါဝါဒဖြန့်ဝေမှုကို အထောက်အထားများဖြင့်စိစစ်ကြည့်ထားသည်။
ဇန်နဝါရီ(၂၆)ရက်နေ့က ကေအဲန်ယူထိန်းချုပ်နယ်မြေတစ်ခုတွင် ပြုလုပ်ခဲ့သည့် ကရင်လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သော စောဖိုးဝါး၏နာရေးအခမ်းအနားကို လူ၂၀၀နီးပါး လိုက်ပါပို့ဆောင်ကြကြောင်း ကေအိုင်စီသတင်းဌာနက သွားရောက်ရိုက်ကူးပြီး သတင်းဓာတ်ပုံများ၊ ရုပ်သံများဖြင့်ဖော်ပြခဲ့သည်။
KIC သတင်းလင့်ခ်(၁)- https://shorturl.at/G7q1H
KIC သတင်းလင့်ခ်(၂)- https://shorturl.at/frLlh
KIC သတင်းလင့်ခ်(၃)- https://shorturl.at/Z9tvF
၎င်း၏မိတ်ဆွေအသိုင်းအဝိုင်းကိုမေးမြန်းချက်အရ ကေအိုင်စီကတွေ့ဆုံမေးမြန်းချက်အရ စောဖိုးဝါးသည် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဲဆောက်မြို့သို့အဝင် ဒေသအခေါ် ထီးလော်သီဂိတ်ဟု လူသိများသည့် စစ်ဆေးရေးဂိတ်အလွန်တွင် တဖက်မျက်နှာချင်းဆိုင်မှလာသော ကားနှင့် သူမောင်းနှင်လာသည့်မော်တော်ဆိုင်ကယ် တိုက်မိရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယာဥ်မတော်တဆမှုကြောင့်သေဆုံးကြောင်းကိုလည်း ဇန်နဝါရီ (၂၂)ရက်နေ့က ကေအိုင်စီမှကနဦးသတင်းဖော်ပြခဲ့သည်။ KIC သတင်းလင့်ခ်- https://shorturl.at/lakhv
အခင်းဖြစ်ပွားသည့်နေရာရုပ်သံမှတ်တမ်းကိုရိုက်ကူးထားမိသူ “Kwe Tha Yu Soe”အမည်ရ ဖေ့ဘွတ်ခ်သုံးစွဲသူကလည်း “RIP Thara Poe Wah, Accident” စာသားဖြင့် ဇန်နဝါရီ(၂၂)ရက်နေ့တွင် လူမှုကွန်ရက်၌ဖော်ပြခဲ့ပြီး ဆိုင်ကယ်နှင့်ကားတိုက်မိခြင်းဖြစ်ကြောင်း ကရင်ဘာသာစကားဖြင့် ရုပ်သံအတွင်းပြောဆိုခဲ့သည်။
Kwe Tha Yu Soe – https://shorturl.at/I0Wgk
သုံးသပ်ချက်
သတင်းဖြန့်နေသော လူမှုကွန်ရက်အကောင့်များကိုလေ့လာကြည့်ရာတွင် စစ်အုပ်စုဘက်မှထောက်ခံသော အရေးအသားဖြင့် ဝါဒဖြန့်ဝေမှုများဆက်တိုက်လုပ်ဆောင်နေသည့်အကောင့်များဖြစ်သည်။ ကေအိုင်စီအနေဖြင့် သွားရောက်ခဲ့သည့်နာရေးအခမ်းအနားတွင် အခမ်းအနားတက်လာသူ စောဖိုးဝါး၏မိသားစု၊ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်များနှင့်တွေ့ဆုံမေးမြန်းခဲ့ပြီး ကရင်လူငယ်ခေါင်းဆောင် စောဖိုးဝါးသေဆုံးမှုမှာ ယာဥ်မတော်တဆမှုကြောင့်ဖြစ်ကြောင်းသာ သိရသည်။ ထို့ကြောင့် စစ်အုပ်စုဝါဒဖြန့်အရေးအသားအတိုင်း “လုပ်ကြံသတ်ဖြတ်ခံရ”ဟူသောဖော်ပြချက်မှာ အချက်အလက်မပါ၊ အထောက်အထားမရှိဘဲ ကေအဲန်ယူကိုစွပ်စွဲလိုမှုဖြင့် လိုရာဆွဲရေးသား ဖြန့်ဝေထားသည့် သတင်းအမှားဖြစ်သည်။
စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။
Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။