Fact-check _TawNaw FM / The Red Flag/ MFCN
6 Nov 2025
အနှစ်ချုပ်
မြဝတီတောင်ဘက် မင်းလက်ပံကျေးရွာစာသင်ကျောင်းမှာ တော်လှန်ရေးတွေခိုလှုံတာကြောင့် ဗုံးကြဲရတယ်ဆိုတဲ့ စစ်တပ်လော်ဘီချန်နယ်ကသတင်းဟာ သတင်းအမှားဖြစ်ပါတယ်။
ကျောင်းထဲကို စစ်တပ်ဗုံးကြဲခဲ့တဲ့ ဖြစ်စဉ်များစွာရှိပြီး အများစုကတော့ ကလေးသူငယ်နဲ့ ဆရာတွေသာအထိအခိုက်များပါတယ်။
ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်းနဲ့ အိမ်တွေမှာ တော်လှန်ရေးသမားတွေဝင်ရောက်နေတာဖြစ်ကာ စစ်တပ်က ဗုံးကြဲတာဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်လော်ဘီချန်နယ်တွေက သတင်းမှားဖြန့်ထားတာကို တွေ့ရပါတယ်။
အဆိုပါ အကြောင်းအရာကို အာဏာသိမ်းစစ်တပ်လက်အောက်ခံဝါဒဖြန့်မီဒီယာတွေနဲ့ လော်ဘီ ချန်နယ်တွေမှာ ဆက်တိုက်ဖြန့်ဝေရေးသားကြပြီး လူထုတွေကြားထဲကို စိမ့်ဝင်ပျံ့နှံ့မှု အားကောင်းနေပါတယ်။
သတင်းအမှားလင့်ခ်များ
ပျံ့နှံ့လာတဲ့အကြောင်းအရာတွေကို Myanmar Fact Checking Networkအဖွဲ့ဝင်ဖြစ်တဲ့ TawNaw Fact Check အဖွဲ့က အချက်အလက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
စစ်တပ်အာဏာသိမ်းပြီနောက်ပိုင်း စစ်ဒဏ်ကြောင့်မြန်မာြပည်သူတွေအများအပြားထိခိုက်သေဆုံး စစ်ဘေးရှောင်နေခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲထိတွေ့ ဖြစ်ပွားခဲ့ပြီး လက်လွတ်လိုက်ရတဲ့နယ်မြေတွေထဲကို လက်နက်ကြီးပစ်ခတ်မှု လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။
အဲဒီလိုဗုံးကြဲရတာဟာ တော်လှန်ရေးတပ်တွေ ရှိနေလို့ဆိုပြီးတော့လည်း အာဏာသိမ်းစစ်တပ်ရဲ့ လက်ကိုင်မီဒီယာတွေ၊ လော်ဘီချန်နယ်တွေ လူမှုမီဒီယာပေါ်မှာ အစဉ်တစိုက် ဖြန့်ဝေ ရေးသားနေပါတယ်။
မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်တာနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာတော့ စစ်တပ်ဟာ မင်းလက်ပံစာသင်ကျောင်းအပြင် ဖလူးလေးရွာ ဘုန်းကြီးကျောင်းနဲ့ စာသင်းကျောင်းတွေကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူမရှိတာကြောင့် ကျောင်းဆောင်တွေပဲထိခိုက်ပျက်စီးသွားတယ်လို့ ဖော်ပြထားပါတယ်။
DVB သတင်းလင့်ခ် >>>
Irrawaddy သတင်းလင့်ခ် >>> https://shorturl.at/DrGGv
စစ်ကောင်စီလော်ဘီချန်နယ်တွေကတော့ မြဝတီတောင်ဘက် မင်းလက်ပံမှာ တော်လှန်ရေးတပ်သား တွေပဲရှိပြီး ပြည်သူတွေစစ်ရှောင်ကုန်ပြီလို့ပြောထားပါတယ်။
အဲဒီအချက်နဲ့ပတ်သက်ပြီး တောနော်က ထိုဒေသမှာနေထိုင်သူတစ်ဦးကိုမေးမြန်းကြည့်ရာမှာတော့ ထိုဒေသမှာရှိတဲ့ဒေသခံအများစုဟာ စစ်ရှောင်ကြကုန်ပြီး တချို့ကတော့အိမ်စောင့်ကျန်ခဲ့တာတွေလည်းရှိတယ်လို့ဆိုပါတယ်။
“ အဲဒီကျောင်းမှာတော်လှန်ရေသမားတွေလည်းမနေဘူး၊ စစ်ရှောင်တွေလည်းမနေဘူး၊ ဘယ်သူမှမနေဘူး၊ ရွာထဲမှာ ရွာသားတွေတော့တချို့ကျန်သေးတယ် ၊ စစ်ဘေးရှောင်သွားတာအများကြီးပဲ “ လို့ သူကပြောပါတယ်။
အာဏာသိမ်းကာလနောက်ပိုင်း ကေအဲန်ယူအုပ်ချုပ်နယ်မြေတွေထဲမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လူထုနေအိမ်တွေသာမက သာသနာအဆောက်အအုံနဲ့ စာသင်ကျောင်းတွေကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ကော်သူးလေဒေသတွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကျောင်းသား၊ကျောင်းသူတွေ၊ဆရာမတွေနဲ့ ကျောင်းတွေရဲ့ ဘေးကင်းလုံခြုံ စိတ်ချဖို့နဲ့ ကျန်းမားရေး ပူပန်မှုတွေ ကာကွယ်စောင့်ရှောက်သွားဖို့ “ ကော်သူးလေအတွင်းရှိ စာသင်ကျောင်းများကို အခြေစိုက်စခန်း၊ စုဆောင်းရေးနေရာများ သို့မဟုတ် သိုလှောင်ရုံများအပါအဝင် မည်သည့်စစ်ရေးရည်ရွယ်ချက်အတွက် အသုံးမပြုရပါ “ ဆိုပြီးတော့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
အပြည့်အစုံဖတ်ရန်လင့်ခ်
ကော်သူးလေဒေသတွင်းကျောင်းတွေကို စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် စစ်ရေးနဲ့မသက်ဆိုင်တဲ့ ဆရာတွေနဲ့ကျောင်းသားတွေလည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ အများအပြားရှိခဲ့ပါတယ်။
ကော်သူးလေဒေသတွင်းကစာသင်ကျောင်း၊ ဆရာတွေနဲ့ ကျောင်းသားတွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်တဲ့ ဒေတာအချက်အလက်တွေကို ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဝက်ဘ်ဆိုက်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး စစ်ရေးနဲ့မသက်ဆိုင်တဲ့ ကရင်လူထုတွေရဲ့ ထိခိုက်သေဆုံးမှုကိုလည်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဝက်ဘ်ဆိုက်တွေမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဖေ့စ်ဘွတ်စာမျက်နှာလင့်ခ်များ
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေထဲက လူနေအိမ်၊ ဘာသာရေးအဆောက်အဦးနဲ့ စာသင်ကျောင်းတွေကိုလည်း ဆက်တိုက်ဗုံးကြဲမှုတွေပြုလုပ်နေခဲ့ပါတယ်။
BBC News မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကျဲမှုကြောင့် ကလေးသူငယ်အပါအဝင် ပြည်သူတွေအများအပြား ထိခိုက်တဲ့ ရုပ်သံသတင်းကို ပြီးခဲ့တဲ့စက်တင်ဘာလ ၃၀ ရက်မှာ ဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံလင့်ခ်
“DVB”နဲ့ “Myanmar Now”မှာတော့ အခုခုနှစ် မေလ ၁၂ရက်မှာ ရွေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်းရွာ စာသင်ကျောင်းမှာ ဆရာမနဲ့ ကလေးတွေ စာသင်နေတဲ့အချိန် အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ဗုံးကျဲခဲ့တာကြောင့် ဆရာမ နှစ်ဦးအပါအဝင် ကျောင်းသား ၁၀ ဦးသေဆုံးခဲ့ရပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တာကိုလည်း ဖော်ပြထားပါတယ်။
အပြည့်အစုံလင့်ခ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတို့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ စုစုပေါင်း (၃,၀၂၃) ဦး သေဆုံးခဲ့တာကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အတည်ပြုရန်လိုအပ်လျက်ရှိတဲ့ သေဆုံးသူ အနည်းဆုံး (၂,၆၉၀) ဦး ဝန်းကျင်ခန့်ကိုလည်း သီးခြားကောက်ယူစုဆောင်းထားတာပဲဖြစ်ပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်လင့်ခ်
အထက်ကတင်ပြထားတာတွေဟာ အာဏာသိမ်းစစ်တပ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေများစွာထဲက အနည်းအကျဉ်းသာဖြစ်ပါတယ်။
သုံးသပ်ချက်
မြဝတီတောင်ဘက် မင်းလက်ပံကျေးရွာစာသင်ကျောင်းမှာ တော်လှန်ရေးတွေခိုလှုံတာကြောင့် ဗုံးကြဲရတယ်ဆိုတဲ့ စစ်တပ်လော်ဘီချန်နယ်ကသတင်းဟာ သတင်းအမှားဖြစ်ပါတယ်။
ကျောင်းထဲကို စစ်တပ်ဗုံးကြဲခဲ့တဲ့ ဖြစ်စဉ်များစွာရှိပြီး အများစုကတော့ ကလေးသူငယ်နဲ့ ဆရာတွေသာအထိအခိုက်များပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးတိုက်ခိုက်မှုမှာ ဘာသာရေးအဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေနဲ့ အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။
အခုလို ဆိုရှယ်မီဒီယာပေါ်မှာ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ရည်ရွယ်ပြီး သတင်းတု သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေမှုတွေ ရှိတာကြောင့် အလွယ်တကူမယုံကြည်ဖို့လိုအပ်ပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Tawnaw FM ကို အောက်ဖော်ပြပါ စာမျက်နှာတွေမှာလည်း ကြည့်ရှုနိုင်ပါတယ်။
Website – www.tawnawfm.com
Telegram – https://t.me/tawnawfm
Youtube – https://shorturl.at/ksHUV
