Fact-check _TawNaw FM / The Red Flag/ MFCN
6 Nov 2025
အနှစ်ချုပ်
ကျုံဒိုးမြို့နယ်၊ ကျုံဘိုင်း-ဗျက္ခသီရီ စေတီကုန်းမှာ ပျက်စီးသွားတဲ့ စေတီဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး အဆောက်အအုံထိခိုက်မှုတွေဟာလည်း ကေအဲန်ယူဘက်က မိုင်းခွဲဖျက်စီးခြင်းမဟုတ်ဘဲ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးသွားတာဖြစ်ပါတယ်။
ကျုံဒိုးမြို့နယ်၊ ကျုံဘိုင်း-ဗျက္ခသီရီ စေတီကုန်းမှာ KNU/PDF တွေက ငါးထပ်ဆောင်စေတီရဲ့ဌာပနာတိုက်ကို ဖောက်ထွင်းပြီး အဖိုးတန်ဌာပနာတွေကို ယူဆောင်သွားတာ၊၊ ဆုတ်ခွာချိန်မှာ အဆောက်အဦတွေကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့သတင်းမှားတစ်ပုဒ် လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီအကြောင်းကို အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဝါဒဖြန့်မီဒီယာတွေနဲ့ လော်ဘီချန်နယ်မှာ ဖြန့်ဝေမှုတွေရှိသလို စစ်တပ်ထောက်ခံသူတွေကလည်း ပြန်လည်ဖြန့်ဝေတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။
သတင်းအမှားလင့်ခ်များ
ပျံ့နှံ့လာတဲ့ အကြောင်းအရာတွေကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ TawNaw Fact Check အဖွဲ့က အချက်အလက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
ကျုံပိုင်း-ဗျက္ခသီရိစေတီတခြမ်း ပြိုကျသွားပြီး အဆောက်အဦတွေပျက်စီးမှုနဲ့ ပတ်သက်ပြီး တောနော်က အချက်အလက်စစ်ဆေးကြည့်တဲ့အခါမှာ ဒေသတွင်းသတင်းဌာနတွေဖြစ်တဲ့ KIC နဲ့ Than Lwin Times တို့က သတင်းရေးသားထားတာကို တွေ့ခဲ့ပါတယ်။
KIC မှာ အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးလေးလုံးကြဲချတဲ့အချိန်မှာ ကျုံဘိုင်း-ဗျက္ခသီရိစေတီတစ်ခြမ်း ပျက်စီးသွားတဲ့ သတင်းကို စက်တင်ဘာလမှာဖော်ပြထားပါတယ်။
ဒါအပြင် ကော့ဒေးဆိုင်ဘုန်းကြီးကျောင်းကိုလည်း လက်နက်ကြီးနှစ်လုံးနဲ့ ပစ်ခတ်ဖျက်စီးခဲ့တာကြောင့် ဘုန်းကြီးကျောင်းပျက်စီးသွားပြီး အရပ်သားတွေနဲ့ ဘုန်းကြီးတစ်ပါးထိခိုက်မှုရှိကာ စစ်တပ်က ကျုံဒိုးမြို့နယ် ကျုုံပိုင်း၊ အင်းကြီးရွာတွေကိုစစ်ကြောင်းထိုးချိန်မှာ ကျုံဒိုး အခြေစိုက် စစ်တပ်ရင်းများက လက်နက်ကြီးပစ်ကူပေး ပစ်ခတ်၍ ဘာသာရေး အဆောက်အဦေတွ လက်နက်ထိမှန်ပျက်စီးတယ်လို့ ဖော်ပြထားပါတယ်။
အပြည့်အစုံဖတ်ရန်
Than Lwin Times မှာ အာဏာသိမ်းစစ်တပ်က ဗျက္ခသီရိစေတီကုန်းကိုသိမ်းပိုက်ပြီး ကျုံဒိုး-မြပတိုင်-နဘူးလမ်းတိုက်ပွဲမှာလည်း ကျေးရွာတွေထဲကို ဒရုန်း၊လေယာဉ်၊လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် သာသနိကအဆောက်အဦးတွေနဲ့ လူနေအိမ်တွေထိခိုက်ပျက်စီးပြီး ဒေသခံတွေလည်း ဘေးလွှတ်ရာ တိမ်းရှောင်နေ၍ရတယ်လို့ဖော်ပြထားပါတယ်။
အပြည့်အစုံဖတ်ရန်
စေတီရဲ့အဖိုးတန်ဌာပနာတိုက်တွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဖောက်ထွင်းခိုးယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို စစ်ဆေးတဲ့အခါမှာ ကျုံပိုင်းစေတီကုန်းတိုက်ပွဲအတွင်းမှာ ပါဝင်ခဲ့တဲ့ KNLA တပ်သားတစ်ဦးကတော့ စေတီကုန်းကနေပြန်ဆုတ်လာရတာသာအမှန်ဖြစ်ပြီး စေတီနဲ့အဆောက်အအုံ ပျက်စီးတာက အာဏာသိမ်းစစ်တပ်ရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှု၊ ဒရုန်းနဲ့ လက်နက်ကြီးတွေကြောင့်ပါလို့ တောနော်ကိုပြောပါတယ်။
“ အဲဒါသူတို့ ဒရုန်းနဲ့လာကြဲလိုက် လက်နက်ကြီးနဲ့ပစ်လိုက်နဲ့ ပြန်မဆုတ်ခင်နှစ်ပတ်အတွင်း လေယာဉ်ဆက်တိုက်လာကြဲလို့ပျက်စီးတာပါ ဘာမိုင်းမှမခွဲဘူး “ လို့ သူကပြောပါတယ်။
အဲဒါအပြင် ဘုရားကုန်းဟာ စစ်ဗျူဟာအရအရေးပါလို့ စစ်တပ်က စစ်ကြောင်းထိုးလာချိန်မှ ခံစစ်သွားလုပ်တာဖြစ်ပြီး တော်လှန်ရေးတပ်တွေရှိနေတဲ့အချိန် ကျောင်းထိုင်ဘုန်းကြီးက အရေးကြီးပစ္စည်းတချို့ ပြန်လာယူတာတောင် စစ်တပ်ဘက်ကပစ်တာတွေရှိတယ်လို့သူက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကေအဲန်ယူလက်အောက်မှာရှိတဲ့ဒေသတွေထဲကို လေကြောင်းဗုံးကျဲတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ စစ်ရေးနဲ့မဆိုင်တဲ့ အရပ်သားတွေ၊ ကလေးသူငယ်တွေနဲ့ သံဃာတော်တွေ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က ကရင်လူထုတွေအပေါ်ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေကို တောနော်ကလည်း စာသတင်းများစွာနဲ့ ရုပ်သံသတင်းတွေပါ ဖော်ပြခဲ့ပါတယ်။
လင့်ခ်များ
သုံးသပ်ချက်
ကျုံဒိုးမြို့နယ်၊ ကျုံပိုင်း-ဗျက္ခသီရိစေတီ တစ်ခြမ်းပျက်စီးသွာတာဟာ လေကြောင်း တိုက်ခိုက်မှုကြောင့် ဖြစ်ပြီး KNU/PDFတွေဖောက်ထွင်းခိုးယူတယ်ဆိုတာ အာဏာသိမ်းစစ်တပ်ဝါဒဖြန့်မီဒီယာတွေရဲ့ ဝါဒဖြန့်သတင်း ဖြစ်တာကို တွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးတိုက်ခိုက်မှုမှာ ဘာသာရေးအဆောက်အအုံတွေနဲ့ အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်တွေနဲ့ ပြည်သူလူထုကြားမှာ ဘာသာရေး၊ လူမျိုးရေးတွေနဲ့ သွေးခွဲလှုံ့ဆော်မှုတွေပြုလုပ်နေတာ ဖြစ်တယ်။
အခုလို ဆိုရှယ်မီဒီယာပေါ်မှာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ရည်ရွယ်ပြီး သတင်းတု သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေမှုတွေ ရှိတာကြောင့် အလွယ်တကူမယုံကြည်ဖို့လိုအပ်ပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Tawnaw FM ကို အောက်ဖော်ပြပါ စာမျက်နှာတွေမှာလည်း ကြည့်ရှုနိုင်ပါတယ်။
Website – www.tawnawfm.com
Telegram – https://t.me/tawnawfm
Youtube – https://shorturl.at/ksHUV
