
အပျိုး
မိုးအကုန်ဆောင်းအကူး စက်တင်ဘာလရဲ့နေ့တစ်နေ့ ရန်ကုန်က ဟိုတယ်တစ်ခုမှာ ဦးဝီရသူ ဦးဆောင်တဲ့ အမျိုးသားရေးအဖွဲ့နဲ့ မွတ်ဆလင်ဘာသာရေး ခေါင်းဆောင်တွေ အပြန်အလှန် လက်ဆွဲနှုတ်ဆက်နေကြတယ်။ ဟိုတယ်က ဗိုလ်တထောင်ဘုရားလမ်းထောင်က Orchid ဟိုတယ်။
တစ်ဦးနဲ့တစ်ဦး ချစ်ကြည်ရင်းနှီးစွာ စကားတွေပြောကြ၊ ဗလီတွေကို အလည်သွားကြပြီး အပြန်အလှန်အလှူငွေဖလှယ်ကြ၊ သာဓုခေါ်ကြ၊ ဓာတ်ပုံတွေရိုက်နေကြတာကို တစ်တော့ ပေါ်မှာ ပေါ်လာတယ်။ အဲဒီ ရုပ်သံဖိုင်က စက်တင်ဘာ ၁၉ ရက်ကပျံ့နှံ့လာတာပါ။
ဗလီတွေလည်း ဆိုတော့လည်း မကပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းတုန်းကလည်း ဦးဝီရသူဦးဆောင်တဲ့ဘုန်းကြီးအဖွဲ့က ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေကိုပါ သွားရောက်လည်ပတ်တာ၊ ဘာသာကြီးလေးခုက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံတာကို ဆက်တိုက်လုပ်လာခဲ့ပါတယ်။
Orchid ဟိုတယ်တွေ့ဆုံပွဲ မတိုင်ခင် တစ်ရက်အလို၊ ညအချိန်မှာ ဦးဝီရသူက “ရှိပြီးသားဗလီတွေ တိုးချဲ့တာ၊ ပြင်ဆင်တာကို ကန့်ကွက်နေတာမဟုတ်ဘဲ ငလျင်ကြောင့် ပြိုသွားတဲ့ဗလီတွေ ပြန်လည်ဆောက်လုပ်ခွင့် ရရှိရေးကို ဆောင်ရွက်ဖို့ ထောက်ခံပေးမယ်“ ဆိုတဲ့ကမ်းလှမ်းချက်နဲ့ သူ့ကိုစတင်ဆက်သွယ်ခဲ့တယ်လို့ အစ္စလာမ်ဘာသာဝင် စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်က ပြောခဲ့ပါတယ်။
ဦးဌေးအောင်ရဲ့ချိတ်ဆက်မှုအရ ရန်ကုန်မြို့ရှိ သူပိုင်ဆိုင်တဲ့ Orchid ဟိုတယ်မှာပဲ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်(ဗဟို)က တာဝန်ရှိသူတွေနဲ့ ဦးဝီရသူကတွေ့တယ်။ လေပြေထိုးစကားတွေ ပြောပါတော့တယ်။
“ဦးဇင်းရဲ့သဘောကတော့ မြန်မာပြည်ဖွား မွတ်ဆလင်တိုင်း၊ မြန်မာနိုင်ငံသား မွတ်ဆလင်တိုင်းက တစ်ဦးချင်းတစ်ယောက်ချင်းစီ ဦးရာဇတ်တွေချည်းပဲ ဖြစ်စေချင်တာ”လို့ ဦးဝီရသူက တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
ဆယ်စုနှစ်နှစ်စုကျော်ကြာ မွတ်ဆလင်အသိုက်အဝန်းအပေါ် အမုန်းတရားလှုံ့ဆော်တဲ့ ဟောပြောချက်တွေ၊ ရေးသားမှုတွေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးအစွန်းရောက်ရဟန်းတစ်ပါးအဖြစ် လူသိများခဲ့သူက အချိန်တိုအတွင်းမှာပဲ ဘာသာမတူသူတွေ အထူးသဖြင့် သူအမုန်းတရားတောက်လျောက် ဟောပြောလှုံ့ဆော်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား သဟဇာတဖြစ်မှုကို ပြောဆိုလာတာဟာ တကယ့်သဘောထားပြောင်းလဲမှုလား။
ဒါမှမဟုတ် ဦးဝီရသူ အတိတ်မှာပြုလုပ်ခဲ့တဲ့ ဘာသာရေးအငြင်းပွားမှု၊ အမျိုသားရေးအစွန်းရောက်အတွေးအခေါ် အပျက်သဘော ပုံရိပ်ဆိုးတွေကို လျော့ပါးစေဖို့အတွက် ဘာသာမတူတဲ့လူမှုအသိုက်အဝန်းတွေကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှု၊ လူမှုသဟဇာတဖြစ်ရေးနဲ့ ငြိမ်းချမ်းရေးကိုမြှင့်တင်နေသူတစ်ဦးအသွင် ပုံရိပ်အသစ်ကို ရည်ရွယ်ချက်ရှိရှိဖန်တီးပုံဖော်ရာမှာ ဘာသာခြားတွေကိုအသုံးချနေတဲ့ “Reputation Laundering” (အပျက်သဘောပုံရိပ်ဆိုးကို ပြန်လည်သန့်စင်ရန် ပုံရိပ်ဆေးကြောခြင်း) လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။
ဒီမေးခွန်းက လတ်တလော လူမှုကွန်ရက်ပေါ်မှာသာမက စောင့်ကြည့်လေ့လာသူတွေကြားမှာပါ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ဒီသံသယတွေက အကြောင်းမဲ့ဖြစ်ပေါ်လာတာတော့ မဟုတ်ပါဘူး။
အဲဒီအကြောင်း မဆွေးနွေးခင် အခု လောလောလတ်လတ် ဘာတွေ ဖြစ်နေလဲ အရင်ကြည့်ရအောင်ပါ။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလက ICJ ကြားနာပွဲအတွင်း ဦးဝီရသူနဲ့ သီတဂူဆရာတော် (အရှင်ဉာဏိဿရ) ရဲ့ အမုန်းစကားဟောပြောမှုတွေက စစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုမှာ အားပေးခဲ့ကြောင်း ဂမ်ဘီယာဘက်က သက်သေအဖြစ်ထည့်သွင်းတင်ပြခဲ့ပါတယ်။ ရက်ပိုင်းအကြာမှာပဲ ဦးဝီရသူနဲ့ စစ်တပ်ကို ထောက်ခံတဲ့ အမျိုးသားရေး စုဝေးပွဲတွေပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။
ဒါပြင် အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကျင်းပပြီးဟန်ပြအရပ်သားအစိုးရအသွင်ယူခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဧပြီလနောက်ပိုင်းမှာ “နိုင်ငံရေးမပါဘူး”၊ “ဗမာအမျိုးသားရေးကိုပဲ ဦးတည်တယ်” လို့ ကြေညာထားတဲ့ ဗမာမျိုးချစ်အဖွဲ့အသစ်တွေနဲ့ ဗုဒ္ဓဘာသာအခြေပြုအဖွဲ့တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ အမည်အမျိုးမျိုးနဲ့ ဆက်တိုက်ပေါ်လာပြီး ပေါ်ပေါ်ထင်ထင်လှုပ်ရှားလာတာ တွေ့မြင်လာရပါတယ်။
ဒီအဖွဲ့တွေက နိုင်ငံရေးရည်ရွယ်ချက်မပါဘူးလို့ ထုတ်ဖော်ပြောဆိုထားသော်ငြား နိုင်ငံတကာတရားရုံး ( ICJ- International Court of Justice) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲထားတဲ့ အမှုရဲ့ အပြီးသတ်စီရင်ချက်မထွက်လာခင် “ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူး” ဆိုတဲ့ ကြေညာချက်ကို ပြည်တွင်းရှိအစ္စလာမ်ဘာသာဝင်တွေ ထုတ်ပြန်ပေးဖို့ဖိအားပေးနေတာ၊ မလိုက်နာရင် အရင် ၉၆၉ လှုပ်ရှားမှု လို မွတ်ဆလင်စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်မယ့် Campaign တွေ ပြန်လုပ်မယ်လို့ ခြိမ်းခြောက်တာ တွေအပြင်၊ ဗလီတွေနဲ့ပတ်သက်ပြီး မိတ္ထီလာအရေးအခင်းလို ပြန်ဖြစ်နိုင်ကြောင်း ခြိမ်းခြောက်တာတွေအထိပါ လှုံ့ဆော်၊ ပြောဆိုနေတာကိုတွေ့ရပါတယ်။
ဒါ့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက်၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီတည်ဆောက်မှု၊ ဘာသာရေး စာသင်ကျောင်း၊မြေနေရာအသုံးပြုမှု စတဲ့ဘာသာခြားတွေရဲ့ သာသနာ့အဆောက်အအုံကိစ္စတွေမှာ မြေပြင်အထိ သွားရောက်ကန့်ကွက်၊ ပိတ်ဖို့ဖိအားပေးတဲ့လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဘာသာရေး၊ လူမျိုးရေး အထိကရုန်းဖြစ်ဖို့ မကြာခဏလှုံ့ဆော်လေ့ရှိတဲ့“မျိုးချစ်မြန်မာ ရဟန်းတော်များသမ္မဂ္ဂ“ ဆိုတဲ့ မျိုးချစ်ဘုန်းကြီး အဖွဲ့တစ်ဖွဲ့က ပြည်သူများအကြားထင်ရှားလာခဲ့ပါတယ်။ အဲဒီအဖွဲ့မှာလူသိများထင်ရှားတဲ့ဘုန်းကြီး ဦးသုစိတ္တဆိုတာ မ.ဘ.သ အရှိန်အဝါကြီးစဉ်ကတည်းက ဦးဝီရသူရဲ့ နောက်လိုက်တစ်ဦးဖြစ်ခဲ့သူပါ။
အဲဒီလို ဦးဝီရသူရဲ့နောက်လိုက်တွေ ဦးဆောင်ပါဝင်တဲ့ အမျိုးသားရေးဘုန်းကြီးအဖွဲ့တွေက မွတ်ဆလင်နဲ့ ခရစ်ယာန်အသိုက်အဝန်းတွေရဲ့ ဘာသာရေးအဆောက်အအုံတွေကို ကန့်ကွက်ဖိအားပေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေချိန်မှာ၊ တစ်ဖက်က ဦးဝီရသူက ဘာသာခြားများအကြားချစ်ကြည်ရေးကိုအလေးပေးတဲ့ ပုံရိပ်အသစ်နဲ့ ပြန်လည်ပေါ်ထွက်လာတာဟာ တိုက်ဆိုင်မှု သက်သက်လား၊ ဒါမှမဟုတ် ပိုမိုကျယ်ပြန့်တဲ့ “ဘီလူးခေါင်းကို မင်းသားခေါင်းပေါင်းပြောင်း”တဲ့ နည်းဗျူဟာတစ်ခုရဲ့ အစိတ်အပိုင်းလားဆိုတာက ဒီစာတမ်းရဲ့ အဓိကမေးခွန်း ဖြစ်ပါတယ်။

ဒီမေးခွန်းကို ဖြေရှင်းနိုင်ဖို့ The Red Flag က ၂၀၂၅ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်အထိ Facebook၊ TikTok၊ Telegram နဲ့ YouTube ပလက်ဖောင်းတွေမှာ လှုပ်ရှားနေတဲ့ အမျိုးသားရေးအဖွဲ့ ၁၁ ဖွဲ့နဲ့ ဆက်စပ်အကောင့်ပေါင်း ၆၀ နီးပါးကိုစောင့်ကြည့် လေ့လာခဲ့ပါတယ်။
ဒီစောင့်ကြည့်လေ့လာမှုမှာ တစ်စုံတစ်ဦးကိုသော်လည်းကောင်း၊ အစုအဖွဲ့တစ်ခုခုကို သော်လည်းကောင်း ပစ်မှတ်ထားပြီး အန္တရာယ်ကြုံတွေ့စေရန်ပြုမူ ပြောဆိုလုပ်ဆောင်ပါက အန္တရာယ်ရှိသောအကြောင်းအရာအဖြစ် သတ်မှတ်ခြင်းနဲ့ အမုန်းတရားတိုးပွားစေရန်ရည်ရွယ်ချက်ဖြင့် ရေးသားဖြန့်တဲ့အကြောင်းအရာမှာ လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုရဲ့ အသားအရောင်ကို ဖြစ်စေ၊ ကျားမဖြစ်တည်မှုကိုဖြစ်စေ၊ နိုင်ငံသားဖြစ်တည်မှု ကိုဖြစ်စေဦးတည်ပြီး အမုန်းပွားစေရန်နှိမ့်ချပြောဆိုတဲ့ မည်သည့်ဖော်ပြချက်မျိုးမဆို အမုန်းစကားခေါင်းစဉ် အောက်မှာထည့်သွင်းထားတဲ့ The Red Flag ရဲ့ သုတေသနနည်းနာ နဲ့အညီ စောင့်ကြည့်လေ့လာမှတ်တမ်းပြုစုခဲ့ပါတယ်။
လေ့လာတွေ့ရှိချက်အရ လက်ရှိလူမျိုးရေး၊ ဘာသာရေးအမုန်းတရားလှုံ့ဆော်မှုတွေကို ဦးဆောင်နေသူ အများစုဟာ ယခင်မ.ဘ.သ ကွန်ရက်ထဲမှသူများ၊ ဦးဝီရသူနဲ့ နီးစပ်ခဲ့သူတွေ၊ ဒါမှမဟုတ် စစ်တပ်နဲ့ ဆက်စပ်နေသူတွေ ဖြစ်နေသလို၊ မျိုးချစ်အုပ်စုတွေရဲ့ လှုပ်ရှားမှုပုံစံဟာလည်း ယခင်ကထက် ပိုမိုပြောင်းလဲလာတာကို တွေ့ရပါတယ်။
ဒီစာတမ်းမှာတော့ အရင်နဲ့အခုကာလကြား ပြောင်းလဲလာတဲ့ အမျိုးသားရေးလှုပ်ရှားမှုပုံစံတွေ၊ မျိုးချစ်အဖွဲ့တွေက ကွန်ရက်တွေလိုချိတ်ဆက်မှုရှိ၊ မရှိနဲ့ ဦးဝီရသူရဲ့ ပြောင်းလဲမှုနောက်ကွယ်မှာ မြေပြင်နဲ့ အွန်လိုင်းရဲ့ ဘာသာရေးအမုန်တရားလှုံ့ဆော်မှုတွေက ဘယ်လိုအခြေအနေရှိနေသလဲဆိုတာကို The Red Flag ရဲ့ စောင့်ကြည့်လေ့လာတွေ့ရှိချက် Social Media Content Analysis တွေအပေါ် အခြေခံပြီးအပိုင်းလေးပိုင်းနဲ့ ခွဲခြားပြီးတင်ပြသွားပါမယ်။
အပိုင်း(၁) မ.ဘ.သ မပေါ်ခင် အမျိုးသားရေးလှုပ်ရှားမှုများနှင့် ၉၆၉ ကွန်ရက်သမိုင်းနောက်ခံ
အပိုင်း(၂) အာဏာသိမ်းပြီးနောက် ပြောင်းလဲလာတဲ့ အမျိုးသာရေးလှုပ်ရှားမှုပုံစံ
အပိုင်း (၃) မ.ဘ.သနောက်ပိုင်း ဗမာမျိုးချစ်အဖွဲ့များအကြောင်း သိကောင်းစရာ
အပိုင်း (၄) ဦးဝီရသူ ပြောင်းလဲမှုနောက်ကွယ်မှ မြေပြင်နဲ့ အွန်လိုင်းမှ ဘာသာရေးအမုန်းတရား လှုံ့ဆော်ချိတ်ဆက်မှုတို့ပဲ ဖြစ်ပါတယ်။
အပိုင်း(၁) မ.ဘ.သ မပေါ်ခင် အမျိုးသားရေးလှုပ်ရှားမှုများနှင့် ၉၆၉ ကွန်ရက်သမိုင်းနောက်ခံ
ဦးဝီရသူရဲ့ လက်ရှိလှုပ်ရှားမှုတွေနဲ့ မြန်မာနိုင်ငံကအမျိုးသားရေးအုပ်စုတွေရဲ့ အသွင်ပြောင်းလာပုံကို နားလည်ဖို့ဆိုရင် မ.ဘ.သ (အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့)ကွန်ရက်ရဲ့ နောက်ခံကိုပြန်ကြည့်ဖို့ လိုပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်မှစတင်ကာ စစ်တပ်အုပ်ချုပ်ခဲ့ပြီး၂၀၁၁ ခုနှစ်မှ အရပ်သားအစိုးရလို့ ခေါ်ဝေါ်ကြပေမယ့် အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်းများစွာပါဝင်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရ တက်လာခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအဖြစ် သတ်မှတ်ခဲ့ကြပေမယ့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ရဲ့ နိုင်ငံရေးသြဇာက အခိုင်အမာဆက်လက်တည်ရှိနေခဲ့တာပါ။ အဲဒီ ၂၀၁၀ ပြည့်နှစ်အလွန်နှစ်တွေမှာ မ.ဘ.သဟာ အဖွဲ့အစည်းတစ်ခုအဖြစ် အစပိုင်းမှာ မပေါ်ပေါက်သေးပေမယ့် ဗုဒ္ဓဘာသာ၊ အမျိုးသားရေးလှုပ်ရှားမှု ကွန်ရက်အဖြစ်တော့ လှုပ်ရှားနေပါပြီ။ “၉၆၉ လှုပ်ရှားမှု” လို အမျိုးသားရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်အားကောင်းလာတဲ့ နောက်ခံကာလကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးကာလလို့ဆိုတဲ့ ၂၀၁၀-၂၀၁၂ ခုနှစ်တွေဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်အသွင်းပြောင်းအစိုးရနဲ့အတူ မ.ဘ.သ သန္ဓေတည်လာတယ်လို့ မှတ်သားထားနိုင်ပါတယ်။
ဦးဝီရသူဟာ စစ်အုပ်ချုပ်ရေးလက်ထက်မှာကတည်းက မွတ်ဆလင်လူနည်းစုအပေါ် ပြင်းထန်တဲ့ ဟောပြော၊ ရေးသားမှုတွေကြောင့် ၂၀၀၃ ခုနှစ်မှာ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံခဲ့ရပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားရေး အစွန်းရောက် ရဟန်းတစ်ပါးအဖြစ် လူသိများလာခဲ့သူပါ။ စစ်အုပ်ချုပ်ရေးကာလမှာ အကျဉ်းချထားခံရတဲ့ ဦးဝီရသူဟာ စစ်တပ်အသွင်ပြောင်း ဦးသိန်းစိန်အစိုးရ လက်ထက်၂၀၁၂ခုနှစ်၊ ဇန်နဝါရီမှာ ထောင်က ပြန်လည်လွတ်မြောက်လာပါတယ်။
အဲချိန်ကစပြီး “အမျိုးဘာသာ၊ သာသနာကာကွယ်စောင့်ရှောက်ရေး” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးသားရေး လှုပ်ရှားမှုတွေကို အရှိန်မြှင့်ခဲ့ပါတယ်။ ဦးဝီရသူက “၉၆၉ လှုပ်ရှားမှု” မှာ အဓိကဦးဆောင်သူတစ်ဦးအဖြစ်ပါဝင်ခဲ့ကာ မွတ်ဆလင်များနဲ့ ရိုဟင်ဂျာများကိုပစ်မှတ်ထားတဲ့ ပြောဆိုမှုများကြောင့်ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့အရေးအခင်းကာလမှာ သူ့ရဲ့ရိုဟင်ဂျာတွေအပေါ် အမုန်းစကားဟောပြောချက်တွေဟာ လူအများကြား ပိုမိုပျံ့နှံ့လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁ ရက်ထုတ် Time မဂ္ဂဇင်းကလည်း သူ့ကို “The Face of Buddhist Terror” ဆိုတဲ့ ခေါင်းစဉ်နဲ့မျက်နှာဖုံးမှာ ဖော်ပြခဲ့ပြီး နိုင်ငံတကာအထိ အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးအဖြစ် လူသိများလာခဲ့သူဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခနောက်ပိုင်းမှာ သူ့ရဲ့ ၉၆၉လှုပ်ရှားမှုနဲ့ အစ္စလာမ်မုန်းတီးရေး ဟောပြောမှုတွေဟာ ပိုမိုအားကောင်းလာခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၃ခုနှစ် မိတ္ထီလာပဋိပက္ခ၊ ၂၀၁၄ ခုနှစ် မန္တလေးပဋိပက္ခတို့နဲ့အတူ ဘာသာရေးနဲ့လူမျိုးရေးဆိုင်ရာ အငြင်းပွားမှုတွေ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ အဲဒီလိုဘာသာရေး၊ လူမျိုးရေးပဋိပက္ခအရှိန်မြင့်နေတဲ့ ၂၀၁၄ ခုနှစ်မှာ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ) ကို ဦးဝီရသူအပါအဝင် သံဃာတော်အချို့က စနစ်တကျ ဖွဲ့စည်းခဲ့ပါတယ်။
နောက်ပိုင်းမှာ ဦးဝီရသူဟာ မ.ဘ.သရဲ့ အဓိကလှုံ့ဆော်သူတစ်ဦးဖြစ်လာပြီး နယ်လှည့်တရားပွဲများ၊ ဟောပြောပွဲများမှတစ်ဆင့် အစ္စလာမ်မုန်းတီးရေးနှင့် အစွန်းရောက် အမျိုးသားရေးအတွေးအခေါ်များကို ဖြန့်ဝေခဲ့ပါတယ်။ ဒါကြောင့် မ.ဘ.သနဲ့ ဦးဝီရသူကို ခွဲခြားထားလို့မရဘဲ အမြဲတွဲဖက်မြင်နေကြခြင်းသာ ဖြစ်ပါတယ်။
မ.ဘ.သရဲ့ အဓိကလှုပ်ရှားမှုတွေထဲမှာ ဘာသာကူးပြောင်းမှု၊ ဘာသာခြားလက်ထပ်မှုနဲ့ လူဦးရေဆိုင်ရာ အကြောင်းအရာတွေကို ထိန်းချုပ်ဖို့ရည်ရွယ်ထားတဲ့ “မျိုးစောင့်ဥပဒေများ” အတည်ပြုနိုင်ရေး လှုပ်ရှားမှုဟာ ဦးဝီရသူဦးဆောင်တဲ့ အမျိုးသားရေးအုပ်စုတွေရဲ့ အဓိကတောင်းဆိုချက်တစ်ခုဖြစ်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်၊ ၂၀၁၅ ခုနှစ်မှာပဲ အတည်ပြု၊ ပြဌာန်းခဲ့ပါတယ်။
NLD အရပ်သားအစိုးရလက်ထက်၊ ၂၀၁၆/၂၀၁၇ခုနှစ် ရခိုင်အရေးအခင်းကာလမှာလည်း အမျိုးသားရေးအုပ်စုတွေရဲ့ ဟောပြောချက်များ၊ အွန်လိုင်းလှုံ့ဆော်မှုများနဲ့ လူထုအမြင် အမုန်းတရား ပုံဖော်မှုတွေက အရှိန်မြင့်လာခဲ့ပါတယ်။ ဦးဝီရသူဟာ NLD အစိုးရရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေဦးကိုနီကို လူမြင်ကွင်းမှာလုပ်ကြံသတ်ဖြတ်သူနဲ့ နောက်ကွယ်ကစေခိုင်းသူများကို အစ္စလာမ်ဘာသာဝင်ကို သတ်ပေးလို့ ကျေးဇူးတင်ကြောင်း အတိအလင်း ပြောဆိုခဲ့ဖူးပါတယ်။
မ.ဘ.သ ဖျက်သိမ်းလိုက်ပေမယ့် ကွန်ရက်က ပျောက်သွားခဲ့သလား
၂၀၁၇ ခုနှစ်၊ NLDအရပ်သားအစိုးရလက်ထက်မှာတော့ နိုင်ငံတော်၊ သံဃမဟာနာယကအဖွဲ့က ဦးဝီရသူဟာ ဘာသာ တစ်ခုနဲ့တစ်ခုအကြား အမုန်းတရားပွားများပြီး ဘာသာရေးအဓိကရုဏ်း ဖြစ်ပွားစေနိုင်တဲ့ ဟောပြောမှုများ၊ တရားဥပဒေ စိုးမိုးမှုကို အဟန့်အတားဖြစ်စေတဲ့ ဟောပြောမှုများနဲ့ နိုင်ငံရေးပါတီများအကြား ဘက်လိုက်ဝေဖန် ဟောပြောမှုများစွာကို ဒေသအနှံ့မှာကြိမ်ဖန်များစွာပြုလုပ်ခဲ့လို့ တရားဟောခွင့် တစ်နှစ်ပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင် သူအဓိကပါဝင်နေတဲ့ မ.ဘ.သအဖွဲ့ကိုလည်း ဖျက်သိမ်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအခါမှာ အဖွဲ့ဝင်များက မ.ဘ.သဆိုတဲ့ အမည်ကိုမသုံးစွဲတော့ဘဲ “ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း” အဖြစ် အမည်ပြောင်းလဲခဲ့ကြပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် မ.ဘ.သအမည်မရှိတော့ခြင်းက အစွန်းရောက်အမျိုးသားရေးကွန်ရက်များ ပျောက်ကွယ် သွားခြင်းမဟုတ်ခဲ့ကြောင်းနားလည်နိုင်ပါတယ်။၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ အဖွဲ့အစည်းအမည်များ၊ လှုပ်ရှားမှုပုံစံများ ပြောင်းလဲသွားပေမယ့် ဦးဆောင်သူများ၊ မျိုးချစ်ကွန်ရက်များနဲ့ အမျိုးသားရေးအစွန်းရောက် အတွေးအခေါ်များက ဆက်လက်တည်ရှိနေခဲ့ပါတယ်။
၂၀၁၉ ခုနှစ်၊ ဦးဝီရသူ တရားဟောခွင့်ပြန်ရပြီးနောက် NLD အစိုးရနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ကိစ္စများအပေါ် ဝေဖန်ဟောပြောမှုများကြောင့် တရားစွဲဆို၊ ဝရမ်းထုတ်ခံခဲ့ရပါတယ်။ တနှစ်ကျော်ကြာ တိမ်းရှောင်နေပြီးနောက် ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုမှာ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က ဦးဝီရသူကို အမှုအားလုံးပိတ်သိမ်းပြီး ပြန်လည် လွှတ်ပေးခဲ့ပါတယ်။

အပိုင်း(၂) အာဏာသိမ်းပြီးနောက် ပြောင်းလဲလာတဲ့ အမျိုးသာရေးလှုပ်ရှားမှုပုံစံများ
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက် အမျိုးသားရေးလှုပ်ရှားမှုတွေရဲ့ပုံစံဟာ နောက်ထပ်တစ်ဆင့် ပြောင်းလဲလာပါတယ်။ ၂၀၁၂ ကနေ ၂၀၁၇ ခုနှစ်ဝန်းကျင်အထိ မြင်တွေ့ခဲ့ရတဲ့ လူထုရှေ့ ဟောပြောပွဲကြီးတွေ၊ နယ်လှည့်တရားပွဲတွေ၊ အများပြည်သူရှေ့ အမုန်းတရားလှုံ့ဆော်မှုတွေကို အရင်လို မြိုင်မြိုင်ဆိုင်ဆိုင်လုပ်တာ မတွေ့ရတော့ပါဘူး။ နိုင်ငံရေးလှုပ်ရှားမှုများအတွက် စစ်တပ်ကို ထောက်ခံကြောင်းပြုလုပ်တဲ့ စစ်တပ်ထောက်ခံပွဲတွေမှာဘဲ အမျိုးသားရေးသမားအချို့ လူရှေ့ထွက်လာလေ့ရှိကြပြီး ဒေသအလိုက်၊ နိုင်ငံအလိုက် အဖွဲ့ငယ်တွေကိုအခြေခံပြီး မြေပြင်ကွန်ရက်နဲ့ အွန်လိုင်းလှုပ်ရှားမှုပုံစံနဲ့ လှုပ်ရှားကြတာကို ပိုမိုတွေ့လာရပါတယ်။
ဦးဝီရသူကိုယ်တိုင်လည်း အရင်လို လူထုရှေ့နိုင်ငံအနှံ့ဟောပြောမှုတွေမပြုလုပ်တော့ဘဲ မန္တလေး၊ မစိုးရိမ်တိုက်သစ်မှာ စာချဆရာတော်အဖြစ် နေထိုင်နေပါတယ်။ အာဏာသိမ်းစစ်တပ်က သံဃာတော်တွေအပါအဝင် အရပ်သားပြည်သူအများအပြား ဖမ်းဆီး၊ သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေ ဆက်တိုက်ကျူးလွန်နေပေမယ့်လည်း လူသိရှင်ကြားဝေဖန်ပြောဆိုတာမျိုး မတွေ့ရပါဘူး။ ဒါ့ပြင် စစ်တပ်က ၂၀၂၃ ခုနှစ်အတွင်း ဦးဝီရသူကို နိုင်ငံတော်အတွက် ထူးကဲစွာဆောင်ရွက်ခဲ့သူအဖြစ် သတ်မှတ်ပြီး “သီရိပျံချီ” ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် သူက ထင်ထင်ရှားရှားမလှုပ်ရှားပေမယ့် သူ့နောက်လိုက် မ.ဘ.သဘုန်းကြီးအချို့ဟာ စစ်ရေး၊ နိုင်ငံရေးနဲ့ ဘာသာရေး၊ လူမျိုးရေးနဲ့ ပတ်သက်တဲ့ အစွန်းရောက် လှုပ်ရှားမှုတွေမှာ ပိုမိုထင်ရှားစွာလှုပ်ရှား၊ ဦးဆောင်လာကြတာတွေ့ရပါတယ်။
ဥပမာအားဖြင့် ဦးဝီရသူရဲ့ နောက်လိုက်၊ ဒုတိယမျိုးဆက်အဖြစ် လူသိများတဲ့ ပေါက်ကိုယ်တော် ဟာ သူ့အောက်မှာ ပျူစောထီးအဖွဲ့တွေရှိကြောင်း ကိုယ်တိုင်ထုတ်ဖော်ပြောဆိုထားသလို စစ်ရေးအကြောင်းအရာနဲ့ စစ်တပ်ကို တော်လှန်နေတဲ့ တိုင်းရင်းသားလူမျိုးတွေကို အမုန်းတရားလှုံ့ဆော်တဲ့ အကြောင်းအရာတွေကို အမြဲလိုလို ဝေဖန်ပြောဆို၊ ပါဝင်နေတာကို တွေ့ရပါတယ်
နောက်ထပ်ကျော်ကြားသူတဦးကတော့ မ.ဘ.သအဖွဲ့ဝင်ဖြစ်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ကို ထောက်ခံကာ စစ်ကိုင်းတိုင်းအတွင်း ပျူစောထီးလက်နက်ကိုင်တပ်ဖွဲ့များကို ဦးဆောင်တဲ့ ဦးဝါသဝ ဖြစ်ပါတယ်။
ဒါပြင်ထင်ရှားတဲ့ ဦးဝီရသူရဲ့ နောက်လိုက်နောက်တစ်ဦးကတော့ အပေါ်မှာဖော်ပြခဲ့တဲ့ ဗလီတည်ဆောက်မှု၊ ဘာသာရေးစာသင်ကျောင်းများ၊ မြေနေရာအသုံးပြုမှု စတဲ့ကိစ္စတွေမှာ မြေပြင်အထိ သွားရောက် ကန့်ကွက်ဖိ၊ အားပေးတဲ့လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်နေပြီး ဦးသုစိတ္တ(မျိုးချစ်မြန်မာရဟန်းတော်များ သမ္မဂ္ဂ)ပဲ ဖြစ်ပါတယ်။ “မျိုးချစ်မြန်မာရဟန်းတော်များသမ္မဂ္ဂ” ကို ဘယ်နေ့၊ ဘယ်ရက်မှာစတင်ဖွဲ့စည်းခဲ့တယ်ဆိုတဲ့ တရားဝင် အတည်ပြု မှတ်တမ်းကို လက်ရှိအထိမတွေ့ရပေမယ့်၂၀၁၆ခုနှစ်လောက်ကတည်းက ပေါ်ပေါက်လာတဲ့အဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်မှာ လှုပ်လှုပ်ရှားရှားအသက်ဝင် ပြန်ခေါင်းထောင်လာတဲ့ အမျိုးသားရေးဘုန်ကြီးအဖွဲ့ ဖြစ်ပြီး ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းဖြစ်ဖို့ မကြာခဏလှုံ့ဆော်လေ့ရှိပါတယ်။
လက်ရှိအချိန်ထိ ဦးဝီရသူအနားမှာအမြဲအနီးကပ်ရှိကြောင်း လူမြင်ကွင်းမှာ ဖော်ပြလေ့ရှိနေသူတစ်ဦးကတော့ အမျိုးသားရေးလှုပ်ရှားသူအဖြစ်လူသိများတဲ့ ဦးဝင်းကိုကိုလတ်ပဲဖြစ်ပါတယ်။ အရင်ကလို လူမြင်ကွင်းမှာ အစ္စလာမ်မုန်းတီးရေးပြောကြားမှု သိပ်မတွေ့ရပေမယ့် ဒီနှစ် ICJမှာ ဂမ်ဘီယာရှေ့နေ့က ရှင်ဉာဏိသာရနဲ့ဦးဝီရကို စစ်တပ်အားပေးသူအဖြစ် သက်သေတင်သွင်းပြီး သုံးရက်အကြာမှာတော့ သူနဲ့ဦးသုစိတ္တကဦးဆောင်ကာ စစ်တပ်ထောက်ခံပွဲကို ကျင်းပခဲ့သူလည်း ဖြစ်ပါတယ်။
အဲဒီလို အမျိုးသားရေးအစွန်းရောက် လှုပ်ရှားမှုတွေ၊ စစ်ရေးကို ဦးဆောင်လှုံ့ဆော်နေတဲ့ ဘုန်းကြီးအချို့နဲ့ လူပုဂ္ဂိုလ်အချို့က ဦးဝီရသူထံ မကြာခဏ သွားရောက်တွေ့ဆုံပြီး ဩဝါဒခံယူကြောင်း သူတို့ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ ရုပ်သံတွေကိုလည်း တွေ့ရှိရပါတယ်။ ဒါပြင် ဦးဝင်းကိုကိုလတ်ကလည်း ဦးဝီရသူရဲ့ လက်ရှိဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းများ အလည်သွားတဲ့ဖြစ်စဉ်တိုင်းမှာလည်း အနီးကပ်အမြဲပါလေ့ရှိတာကို တွေ့ရပါတယ်။
ဒီဖြစ်စဉ်တွေကို ကြည့်ပါက ဦးဝီရသူဟာ ရှေ့တန်းမှာ မရှိတော့ဘူးဆိုတာနဲ့ သူ့ရဲ့ သြဇာလွှမ်းမိုးပါဝင်မှုက ပျောက်သွားပြီလို့ တိုက်ရိုက်ကောက်ချက်ချလို့ မရပါဘူး။ တကယ်တမ်းလည်း သူ့ရဲ့ပါဝင်မှုက လျော့ကျသွားခြင်းမရှိတာကို The Red Flag က လေ့လာတွေ့ရှိရပါတယ်။

အပိုင်း (၃) မ.ဘ.သနောက်ပိုင်း ဗမာမျိုးချစ်အဖွဲ့များအကြောင်း သိကောင်းစရာ
၂၀၁၇ ခုနှစ်၊ မ.ဘ.သ ဖျက်သိမ်းခံရပြီးနောက် အမျိုးသားရေးလှုပ်ရှားမှုတွေ ရပ်တန့်သွားမယ်လို့ လူအများက မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၂၆ ခုနှစ်အတွင်း The Red Flag ရဲ့ စောင့်ကြည့် လေ့လာတွေ့ရှိချက်ကတော့ မတူညီတဲ့ပုံရိပ်တစ်ခုကို ပြသနေပါတယ်။
စစ်တပ်ရဲ့ဟန်ပြအစိုးရပေါ်ထွက်လာပြီးနောက် အလျိုလျိုနဲ့တွင်တွင်ကျယ်ကျယ် ပေါ်ပေါက်လာတဲ့ “ဗမာမျိုးချစ်အဖွဲ့များ” ကို ဦးဆောင်နေသူအများစုက အရင်ကလူသိများခဲ့တဲ့ မ.ဘ.သ ရဟန်းတော်တွေ၊ အမျိုးသားရေးသမားလူပုဂ္ဂိုလ်တွေ မဟုတ်တော့ပါဘူး။ အများစုဟာ မျက်နှာသစ်လူငယ်တွေဖြစ်ပြီး ပြည်ပ နိုင်ငံတွေမှာရောက်ရှိနေသူတွေဖြစ်တာကို ပိုမိုတွေ့ရပါတယ်။ ပါဝင်သူအများစုကလည်း ပြည်ပရောက် မြန်မာရွှေ့ပြောင်းအသိုက်အဝန်း (Migrant Community) ဖြစ်နေပါတယ်။
ဒီအပြောင်းအလဲဟာ အကြောင်းမဲ့တော့မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေ၊ စစ်မှုထမ်းဥပဒေနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ပြည်ပကို ထွက်ခွာသွားတဲ့ မြန်မာနိုင်ငံသား အရေအတွက် သိသိသာသာ တိုးလာခဲ့ပါတယ်။ ဒါကြောင့် ပြည်ပရောက် မြန်မာအသိုက်အဝန်းဟာ အခုအချိန်မှာ လူမှုရေးနဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကို သက်ရောက်မှုရှိစေနိုင်တဲ့ အုပ်စုတစ်ခု ဖြစ်လာနေပြီး Migrant Community ရဲ့အားက မသေးလှတာကို သတိမူရမှာဖြစ်ပါတယ်။
The Red Flag လေ့လာခဲ့တဲ့ ဗမာမျိုးချစ် ၁၁ ဖွဲ့စလုံးဟာ ၂၀၂၄ ကနေ ၂၀၂၆ ခုနှစ် အကြား ၂ နှစ်အတွင်းမှာ ပေါ်ပေါက်လာကြတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ ဗမာမျိုးချစ်အဖွဲ့ ၁၁ ဖွဲ့ထဲမှာ ထူးခြားထင်ရှားလက္ခာဏာရှိ တဲ့အဖွဲ့၅ဖွဲ့ကို ဒီဆောင်းပါးမှာ ကောက်နုတ်တင်ပြပါမယ်။ အဖွဲ့အမည်၊ လင့်များကို နောက်ဆက်တွဲပါဇယားမှာ အသေးစိတ် ဆက်လက်လေ့လာနိုင်ပါတယ်။
၁။ “၁၃၅ မြန်မာမျိုးချစ်အသင်း MMC”
ပထမဆုံးအနေနဲ့ တင်ပြချင်တဲ့အဖွဲ့ကတော့ စစ်တပ်မှအရာရှိတချို့က အဖွဲ့ဝင်အနေနဲ့ပါဝင်နေပြီး စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ တရားဝင်ထုတ်ဖော်ထားတဲ့ “၁၃၅မြန်မာမျိုးချစ်အသင်း MMC” ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလဆန်းမှ စတင်ဖွဲ့စည်းထားပြီး ပြည်တွင်း၊ ပြည်ပမှအဖွဲ့ဝင်တွေနဲ့ အခြေပြုလှုပ်ရှားတယ်ကြောင်း သိရပါတယ်။

၂။ “ဗမာ့အားမာန်”
နောက်ထပ်မျိုးချစ်အဖွဲ့ကတော့ ဓမ္မဒူတဆရာတော်များဦးစီးနေတဲ့ မဟော်သဓာပညာရေးကိုလစဉ် ထောက်ပံ့မှုပြုလုပ်နေတဲ့ ဂျပန်ရောက် မြန်မာလူငယ်များစုဖွဲ့ထားတဲ့ “ဗမာ့အားမာန်” အဖွဲ့ဘဲ ဖြစ်ပါတယ်။ “သာကီနွယ်ဖွား“လို့ အမည်ပြုထားတဲ့သူတစ်ဦးက ခေါင်းဆောင်နေပြီး ၂၀၂၅ခုနှစ်၊ ဇူလိုင်လမှာစတင် ပေါ်ပေါက်လာပါတယ်။
ဗမာလူမျိုးကြီးဝါဒ လက်ကိုင်ထားပြီး အမျိုးသားရေးပညာရေးကျောင်း (ဓမ္မစကူးများ)ပေါ်ပေါက်စေချင်ကြောင်း အဓိကပြောဆိုလေ့ရှိပြီး၊ ဗမာအမျိုးသမီးများ ဘာသာခြားကို လက်မထပ်သင့်ကြောင်းပြောခြင်း၊ ရိုဟင်ဂျာမရှိကြောင်းပြောပြီး အစ္စလာမ်ဘာသာဝင်မုန်းတီးရေးကို လှုံ့ဆော်လေ့ရှိပါတယ်။ အမျိုးသားရေး ဘုန်းကြီးများနဲ့ ဆက်စပ်တဲ့အကြောင်းအရာများကို ဦးတည်ဆွေးနွေးလေ့ရှိပြီး အခြားသောဗမာမျိုးချစ် အဖွဲ့များနှင့်လည်း ဆွေးနွေး၊ တွေ့ဆုံလေ့ရှိတာ တွေ့ရပါတယ်။
ဗမာ့အာမာန်အဖွဲ့က “မြန်မာအမျိုးသမီးတွေ ဘာသာမတူ၊လူမျိုးခြားကို လက်မထပ်သင့်လဲ” ဆိုတဲ့ခေါင်းစဉ်၊ “သနပ်ခါး Campaign” ဆိုတဲ့ခေါင်းစဉ်မျိုးနဲ့ ဆုငွေများစွာပေးတဲ့ တစ်တော့ပြိုင်ပွဲတွေပြုလုပ်ပြီး အမျိုးသားရေးကို လှုပ်ရှားလေ့ရှိပါတယ်။ ထူးခြားတဲ့ ကမ်ပိန်းပုံစံများနဲ့ ငွေကြေးပေးမှုကြောင့် လူစိတ်ဝင်စားစွာဝင်ရောက်ပြိုင်ဆိုင်ပြီး ပျံ့နှံ့မှုများတာကို တွေ့ရပါတယ်။ လူငယ်များနဲ့ အမျိုးသားရေးကို လှုပ်ရှားမှုပုံစံအသစ်တွေက ဆက်လက်စောင့်ကြည့်သင့်ပါတယ်။

၃။ “မျိုးချစ်ညီနောင်”
နောက်ထပ်ကောက်နုတ်တင်ပြမယ့် ဗမာမျိုးချစ်အဖွဲ့ကတော့ အဖွဲ့ခေါင်းဆောင်များက ဦးဝီရသူနဲ့ ဆွေးနွေးမှုတွေ မကြာခဏပြုလုပ်လေ့ရှိတဲ့ “မျိုးချစ်ညီနောင်”အဖွဲ့ဘဲ ဖြစ်ပါတယ်။
ဦးကျော်စိုးလင်းဆိုသူ ဦးဆောင်ပြီး၂၀၂၅ခုနှစ်၊ အောက်တိုဘာလမှာ စတင်ပေါ်ပေါက်လာကာ ပြည်တွင်း၊ ပြည်ပ အခြေစိုက်ကာ စစ်တပ်ထောက်ခံကြောင်း၊ မ.ဘ.သ ထောက်ခံကြောင်း၊ အစ္စလာမ်ဘာသာဝင်မုန်းတီးရေးနှင့် ဗလီပိတ်ပင်ရေးကိစ္စများကို အဓိကပြောဆိုလေ့ရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီး MCC မြန်မာမျိုးချစ်အဖွဲ့နဲ့လည်း ချိတ်ဆက်တာတွေ့ရပါတယ်။
ဗလီတွေကို သွားရောက်လည်ပတ်နေတဲ့ ဦးဝီရသူနဲ့ မကြာခဏတိုက်ရိုက်တွေ့ဆုံချိတ်ဆက်နေပြီး အစ္စလာမ်ဘာသာဝင် သာသနာ့အဆောက်အဦး (ဗလီ)များကို ပိတ်ပင်ရေး သတင်းပေး၊ လှုံ့ဆော်၊ တိုင်ကြားလေ့ရှိတဲ့ ဗမာမျိုးချစ်အဖွဲ့ဖြစ်ကြောင်းThe Red Flagက ဆိုရှယ်မီဒီယာစောင့်ကြည့်မှုမှ တွေ့ရှိထားရသဖြင့် မြေပြင်မှာလည်း ဆက်လက်စုံစမ်းဖော်ထုတ်မှုတွေ လုပ်သင့်ပါတယ်။

၄။ “ကမ္ဘာလုံးဆိုင်ရာဗမာ့အဖွဲ့အစည်း (G.B.A-Global Burmese Association)”
နောက်ထပ်ကောက်နုတ်တင်ပြလိုတဲ့ ကမ္ဘာလုံးဆိုင်ရာ ဗမာ့အဖွဲ့အစည်း(G.B.A) က ထိုင်းအခြေစိုက်၊ပြည်တွင်းပြည်ပ ပရဟိတ အဖွဲ့အစည်း အဖြစ် ၂၀၂၅ခုနှစ်၊ ဇူလိုင်လမှာ စတင်ခဲ့ပါတယ်။ ကိုဇော်လင်းချစ်ဆိုသူက ဥက္ကဌအဖြစ် ဦးဆောင်နေပြီး မ.ဘ.သ ကို ထောက်ခံကြောင်း၊ စစ်တပ်ထံမှာ တရားဝင်အဖွဲ့အစည်းမှတ်ပုံတင်ရန် လုပ်ဆောင်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ ဗမာလူမျိုးကြီးဝါဒကိုကိုင်စွဲပြီး၊ အစ္စလာမ်ဘာသာဝင် နှင့် တိုင်းရင်းသားလူမျိုးများနဲ့ ပတ်သက်တဲ့ အမုန်းစကားကို အဓိကဖြန့်ချိဆွေးနွေးလေ့ရှိပြီး “ရိုဟင်ဂျာ လုံးဝမရှိကြောင်း” ထုတ်ဖော်ထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ အခြားသောဗမာမျိုးချစ်အဖွဲ့များဖြစ်တဲ့ 9.BFG၊ BF (Burma Family)၊ ဗုဒ္ဓ ဗမာ့ စစ်သည်တော် ဗမာ့အဖွဲ့အစည်း BBW၊ BBA နဲ့လည်း ချိတ်ဆက်ဆွေးနွေးမှု၊ လုပ်ဆောင်မှုများရှိတာကို တွေ့ရပါတယ်။

၅။ “9BFG- Burma Family Group”
နောက်ဆုံးတင်ပြလိုတာကတော့ လူသိများတဲ့ ဗမာမျိုးချစ်အဖွဲ့ “9BFG- Burma Family Group” ဖြစ်ပြီး ထိုင်းနိုင်ငံမှာ (၂၀၂၄ခုနှစ်၊ ဧပြီ၊ ၂၈ရက်မှာ) အခြေပြုဖွဲ့စည်းကာ မြန်မာ၊ မလေး၊ စင်ကာပူ၊ဒူဘိုင်း၊ အိုမန်မှာ အဖွဲ့ဝင်များရှိကြောင်းသိရပါတယ်။ ဗမာလူမျိုးကြီးဝါဒကို လက်ကိုင်ထားပြီး ရွေ့ပြောင်းလုပ်သားများရဲ့ ထည့်ဝင်အားနဲ့ ပြည်တွင်း၊ပြည်ပ ပရိဟိတလုပ်ငန်းများကို အဓိကလုပ်တာတွေရှိရပါတယ်။ 9BFGအဖွဲ့ဦးဆောင်သူ ကိုမင်းဇော်ဦးက ပြည်တွင်း၊ပြည်ပချိတ်ဆက် အလုပ်လုပ်ရတာဖြစ်လို့ “ကြားနေ” ဖြစ်တယ်လို့ သူ့ရပ်တည်မှုကို ထုတ်ဖော်ထားတာရှိပါတယ်။
သတင်းဌာနအချို့မှာ ဒီအဖွဲ့က မ.ဘ.သ ပေါက်ကိုယ်တော်နဲ့ ဆက်စပ်ကြောင်း ဖော်ပြခဲ့တာရှိပေမယ့် The Red Flagရဲ့ ဆိုရှယ်မီဒီယာ စောင့်ကြည့်လေ့လာမှုမှာတော့ သိသာထင်ရှားတဲ့ဆက်စပ်မှုကို မတွေ့ရှိရပါဘူး။ ဒါပေမယ့် စစ်တပ်၊ ဦးဝီရသူ၊ မ.ဘ.သ နဲ့ အချိတ်အဆက်ရှိနေတဲ့ ဗမာမျိုးချစ်အဖွဲ့ကသူအချို့နဲ့ ချိတ်ဆက်အစည်းအဝေးလုပ်၊ တွေ့ဆုံလေ့ရှိတာ၊ ပြသာနာဖြစ်တာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မြေပြင်ရဲ့ဆက်စပ်မှုကို စုံစမ်းဖော်ထုတ်နိုင်ဖို့ဆက်လက်လိုအပ်ပါတယ်။

The Red Flag က လေ့လာခဲ့တဲ့ ဗမာမျိုးချစ်အဖွဲ့အချို့က အချင်းချင်းအကြားလည်း ချိတ်ဆက်မှုရှိသလို စစ်တပ်၊ ဦးဝီရသူ၊ မ.ဘ.သစတဲ့ တခုခုနဲ့တစ်မျိုးမဟုတ်၊ တစ်မျိုးချိတ်ဆက်နေတာကိုလည်း အပေါ်က ဥပမာတွေနဲ့ ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် လက်ရှိအမျိုးသားရေးအုပ်စုတချို့ကို “အဖွဲ့အသစ်” အဖြစ်သာမမြင်ဘဲ ယခင် မ.ဘ.သ ကွန်ရက်တွေရဲ့ narrative နဲ့ ideology ကို ဆက်လက်သယ်ဆောင်နေပြီး တဖွဲ့နဲ့တဖွဲ့ချိတ်ဆက်ထားတဲ့ အသွင်ပြောင်းကွန်ရက်များအဖြစ် အသေးစိတ်ထပ် လေ့လာဖို့လိုအပ်ကြောင်း ဖော်ပြနေပါတယ်။
Content Analysis အရ အဖွဲ့အမည်၊ ဦးဆောင်သူနဲ့ တင်ဆက်ပုံတွေ ပြောင်းလဲသွားပေမယ့် အကြောင်းအရာတင်ပြပုံ ၊ လှုံ့ဆော်တဲ့ message နဲ့ အခြေခံအယူအဆ (ideology) တွေမှာတော့ ယခင် မ.ဘ.သ ကွန်ရက် အသုံးပြုခဲ့တဲ့ ပုံစံတွေနဲ့ ဆက်နွှယ်နေတာကို ဆက်လက်တွေ့ရှိနေရပါတယ်။ တစ်နည်းအားဖြင့် လူတွေ ပြောင်းသွားတယ်၊ အဖွဲ့နာမည်တွေ ပြောင်းသွားတယ်၊ ဒါပေမယ့် ပြောနေတဲ့အကြောင်းအရာနဲ့ ပြောတဲ့ Narrative၊ နည်းလမ်းကတော့ မပြောင်းသေးဘူးလို့ ဆိုနိုင်ပါတယ်။
စစ်တပ်သည်သာ “ထာဝရအမျိုးဘာသာ၊ သာသနာစောင့်ရှောက်သူ” ဖြစ်ပြီး မြန်မာပြည်ဒုက္ခ ရောက်ရခြင်းက NLDအစိုးရ၊ တော်လှန်ရေးထောက်ခံသူများနဲ့ PDFတွေကြောင့်လို့ အပြစ်သားအဖြစ် အဓိကပုံဖော်ကြပါတယ်။ စစ်တပ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်မှ ဦးဆောင်သူများက ခရစ်ယာန် ဘာသာဝင်များဖြစ်လို့ ဗုဒ္ဓဘာသာ၊ ဗမာလူမျိုးများကို ခွဲခြား ဆက်ဆံဖိနှိပ်ပြီး ဗမာအချင်းချင်း အသေခံတိုက်ခိုက်ခိုင်းနေကြောင်း စသဖြင့် ဘာသာရေးကိုအခြေခံပြီး လူမျိုးရေး၊ အမုန်းတရားသွေးခွဲမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချိလေ့ရှိတဲ့ Content ideology တွေ အခြေခံအားဖြင့် တူညီတာတွေ့ရပါတယ်။ ဘာသာခြားများရဲ့ သာသနာရေးအဆောက်အအုံများ၊ ဘာသာရေးပညာသင်တန်းများကို ထိန်းချုပ်ဖို့နဲ့ လူဦးရေထိန်းချုပ်ရေးဆိုင်ရာ ဥပဒေကြမ်းတွေကို ပြန်လည်တွန်းအားပေး ဆောင်ရွက်နေတာမျိုးတွေကို ဆက်တိုက် တွေ့ရပါတယ်။ အဲဒါက မ.ဘ.သ တုန်းက တွန်းအားပေးခဲ့တဲ့ “မျိုးစောင့် ဥပဒေများ”ပေါ်ထွက်လာရေးနဲ့ အလားသဏ္ဍာန်ဆင်တူ နေပါတယ်။
ဒါပြင် အဖွဲ့တွေ အသုံးပြုတဲ့ အမည်၊ အလံ၊ သီချင်းနဲ့ ဆောင်ပုဒ်တွေကပါ ပိုပြီး ထင်ဟပ်စေပါတယ်။ “အရိုးကို စည်းရိုးထိုးပြီး အမျိုးကို ကာကွယ်မည်”၊ “အမျိုးပျောက်မှာ စိုးကြောက်ပါ၊ ဘာသာပျောက်မှာ စိုးကြောက်ပါ၊ သာသနာပျောက်မှာ စိုးကြောက်ပါ” ဆိုတဲ့ ဆောင်ပုဒ်တွေနဲ့ သီချင်းတွေဟာ ယခင် မ.ဘ.သ ကာလမှာ အသုံးပြုခဲ့တဲ့ အမျိုးသားရေးဆောင်ပုဒ်တွေကို ပြန်လည်အသုံးပြုထားတာကို တွေ့ရပါတယ်။
အောက်ဖော်ပြပါဇယားရှိ “ဗမာမျိုးချစ်”အဖွဲ့ ၁၁ ဖွဲ့အား The Red Flagက စောင့်ကြည့် လေ့လာခဲ့ပါတယ်။
| စဉ် | အဖွဲ့အမည် | Logo | Link |
|---|---|---|---|
| ၁။ | ၁၃၅ မြန်မာမျိုးချစ်အသင်း MMC | ![]() | TikTok ကြည့်ရန် |
| ၂။ | မျိုးချစ်ညီနောင် | ![]() | TikTok ကြည့်ရန် · Facebook ကြည့်ရန် |
| ၃။ | ဗမာလူငယ်အစည်းအရုံး (B.Y.O – Bamar Youth Organization) | ![]() | TikTok ကြည့်ရန် |
| ၄။ | BBW ဗုဒ္ဓ ဗမာ့ စစ်သည်တော် ဗမာ့အဖွဲ့အစည်း | ![]() | TikTok ကြည့်ရန် |
| ၅။ | B.B.B ဝံသာနုသွေး | ![]() | TikTok (၁) · TikTok (၂) |
| ၆။ | Burma Family (B.F) | ![]() | TikTok (၁) · TikTok (၂) |
| ၇။ | ဗမာ့အားမာန် | ![]() | TikTok ကြည့်ရန် |
| ၈။ | ကမ္ဘာလုံးဆိုင်ရာ ဗမာ့အဖွဲ့အစည်း G.B.A (Global Burmese Association) | ![]() | Facebook (၁) · Facebook (၂) |
| ၉။ | 9BFG (Burma Family Group) | ![]() | TikTok ကြည့်ရန် · Facebook ကြည့်ရန် |
| ၁၀။ | B.M.A Burma Family Group – BYG (BURMESE YOUNG GENERATION) | ![]() | TikTok ကြည့်ရန် |
| ၁၁။ | ဗမာမျိုးနွယ်စု မဟာမိတ်အဖွဲ့ (Bamaric Ethnic Alliance) | ![]() | TikTok ကြည့်ရန် |
ဒီလိုပေါ်ပေါက်လာတဲ့ အဖွဲ့သစ်တွေနဲ့ အရင်ကရှိခဲ့တဲ့ မ.ဘ.သနဲ့ ချိတ်ဆက်နိုင်တဲ့ တူညီမှုအချို့ကိုလည်း The Red Flagက တွေ့ရှိထားပါတယ်။
အဲဒါကိုတော့ အပိုင်း(၄)- ဦးဝီရသူ ပြောင်းလဲမှုနောက်ကွယ်မှ မြေပြင်နဲ့ အွန်လိုင်းမှ ဘာသာရေးအမုန်းတရား လှုံ့ဆော်ချိတ်ဆက်မှုအပိုင်းမှာ ဆက်လက်ဖတ်ရှုပေးပါ။
အပိုင်း (၄) ဦးဝီရသူ ပြောင်းလဲမှုနောက်ကွယ်: မြေပြင်နဲ့ အွန်လိုင်းမှ ဘာသာရေးအမုန်းတရား လှုံ့ဆော်ချိတ်ဆက်မှု
မြေပြင်က လှုပ်ရှားမှုတစ်ခု အွန်လိုင်းမှာ Narrative ဖြစ်လာပုံ
The Red Flag ရဲ့ စောင့်ကြည့်လေ့လာမှုအရ အွန်လိုင်းမှာလှုပ်ရှားနေတဲ့ မျိုးချစ်အဖွဲ့တချို့ဟာ မြေပြင်မှာလှုပ်ရှားနေတဲ့ မ.ဘ.သနဲ့ ဆက်စပ်ခဲ့သူတွေရဲ့ ပြောဆိုလှုပ်ရှားမှုတွေနဲ့ ဖြစ်စဉ်တွေကို မကြာခဏပြန်လည်တင်ဆက်ပြီး အမုန်းတရားအသွင်ဖန်တီးပါတယ်။ ဥပမာ- မြေပြင်မှာ ဦးသုစိတ္တတို့ရဲ့ လုပ်ဆောင်မှုတွေ၊ ပေါက်ကိုယ်တော်ရဲ့ပြောဆိုချက် အကြောင်းအရာတွေကို ဆိုရှယ်မီဒီယာပေါ်က မတူညီတဲ့ အကောင့်အမျိုးအမျိုး၊ မျိုးချစ်အဖွဲ့အမျိုးမျိုးက အွန်လိုင်းဆွေးနွေးပွဲ၊စကားဝိုင်းတွေဆီ ဆွဲတင်လိုက်ပြီး ဘာသာရေးဆိုင်ရာအငြင်းပွားမှုကဲ့သို့ ဇာတ်ကြောင်းဖော်ပါတယ်။ သန်လျင်ဗလီနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်က ဒီပုံစံကို နားလည်စေတဲ့ဥပမာတစ်ခု ဖြစ်ပါတယ်။
သန်လျင် စိန်ကုန်းဗလီဖြစ်စဉ်
ဦးသုစိတ္တဦးဆောင်တဲ့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂအဖွဲ့က ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(၁၅)ရက်မှာ သန်လျင်မြို့ရှိ ဗလီနဲ့ဆက်စပ်တဲ့ အဆောက်အအုံဆောက်လုပ်မှုကို သွားရောက်မေးမြန်း၊ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။ ဗလီကိုခွင့်ပြုချက်မရှိဘဲ “ခိုးဆောက်နေပါတယ်” အဓိပ္ပာယ်သက်ရောက်စေတဲ့ တင်ဆက်ပုံမျိုးကို ဦးသုစိတ္တက မြေပြင်မသွားခင်ကတည်းက ကြိုတင်ဇာတ်ကြောင်းတည်ဆောက် ဖြန့်ချိခဲ့ပါတယ်။
လွတ်လပ်တဲ့သတင်းဌာနများရဲ့ မြေပြင်စုံစမ်းမေးမြန်းပြီးသတင်းဖော်ပြချက်များနဲ့ မျိုးချစ်ရဟန်းများတင်တဲ့ ရုပ်သံများမှ ဗလီကတာဝန်ရှိသူတွေရဲ့ဖြေကြားမှုအရ ဆောက်လုပ်နေတဲ့ အဆောက်အအုံတွေဟာ ဗလီအသစ်မဟုတ်ဘဲ ဗလီဝင်းအတွင်းက ဈေးဆိုင်ခန်းအသစ် တည်ဆောက်တာနဲ့ ထမင်းစားဆောင် ပြုပြင်တာလို့ သိရပါတယ်။
သံလျင်စိန်ကုန်းဗလီဟာ နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တာဖြစ်ပြီး အသစ်ဆောက်လုပ်ခွင့်နဲ့ ပတ်သက်တဲ့ ခွင့်ပြုမိန့် အခြေအနေကပဲ အငြင်းပွားဖွယ်ဖြစ်နေခဲ့တာပါ။ ဗလီဝန်းအတွင်း ဈေးဆိုင်ခန်းပြုပြင် တည်ဆောက်လုပ်ဖို့အတွက် တရားဝင်ခွင့်ပြုမိန့် ကျမလာသေးဘဲ နားလည်မှုနဲ့ ဆောက်နေကြောင်း ဗလီတာဝန်ခံတွေက ဖြေကြားတာတွေ့ရပါတယ်။ အဲဒီဖြေကြားချက်ကို အခြေခံပြီး မ.ဘ.သဘုန်းကြီးတွေက ဌာနဆိုင်ရာတာဝန်ရှိသူတွေက မွတ်ဆလင်များဆီက “ငွေကြေးယူထားပြီး ဗလီခိုးဆောက်ခွင့်ပြုတယ်၊ အမျိုးဘာသာသာသနာကို ဖျက်ဆီးနေတယ်” ဆိုတဲ့အထိ ဆက်လက်စွပ်စွဲခဲ့ကြပြီး အုပ်ချုပ်သူလူ တန်းစားရဲ့ အလုပ်များကို မြေပြင်ကမျိုးချစ်ဘုန်းကြီးများနဲ့ အွန်လိုင်းက မျိုးချစ်အဖွဲ့တွေက ဟန်ချက်ညီညီ ဝင်ရောက်လုပ်ဆောင် ဖိအားပေး တင်ဆက်ခဲ့ကြတာပါ။
မြေပြင်မှာဖြစ်ပွားတဲ့ ဖြစ်စဉ်တစ်ခုဟာ အွန်လိုင်းပေါ်မှာ အမည်အမျိုးမျိုးက ထပ်ခါတလဲလဲ ပြောဆိုဆွေးနွေးတဲ့ အကြောင်းအရာတစ်ခုဖြစ်လာပါတယ်။ တင်ဆက်သူတွေ၊ အကောင့်တွေနဲ့ အဖွဲ့အမည်တွေ မတူညီပေမယ့် အဓိကစွပ်စွဲချက်နဲ့ ပုံဖော်ပြောဆိုပုံကတော့ ဆင်တူနေပါတယ်။
ဒီနေရာမှာ Content Analysis ရဲ့ အရေးပါမှုကို မြင်နိုင်ပါတယ်။ အကောင့်တစ်ခုချင်းစီကို သီးခြားကြည့်ရင် မတူညီတဲ့လူတွေက ကိုယ့်အမြင်ကိုယ်ပြောနေကြတာလို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် အကြောင်းအရာတွေကို အစုလိုက်နှိုင်းယှဉ်ကြည့်တဲ့အခါ တူညီတဲ့စွပ်စွဲချက်၊ တင်ပြပုံနဲ့ အဓိကသတင်းစကားတွေ ထပ်တလဲလဲ ပေါ်လာတာကို တွေ့နိုင်ပါတယ်။ အဓိကဆိုလိုရင်းကတော့ “သန်လျင်မှာ ခွင့်ပြုချက်မရှိဘဲ ဗလီကို ခိုးဆောက်နေတယ်” ဆိုတဲ့ Narrative ပဲဖြစ်ပါတယ်။

မျိုးချစ်အုပ်စုများက ဗလီလို့စွပ်စွဲပြီးရိုက်ပြတဲ့ ဆောက်လုပ်စအဆောင်တွေမှာ သာသနာ့ဗလီအင်္ဂါရပ်မှာ အခြေခံရှိရမယ့်အချက်အလက် (အမိုးခုံးပုံစံဒီဇိုင်း၊ ဝတ်ပြုရန်ဖိတ်ခေါ်တဲ့ (အာဇာန်)ပေးရတဲ့မြင့်မားသော မျှော်စင်တိုင် စတာ)တွေမပါနေဘဲ ဆိုင်ခန်းပုံစံဖြစ်နေတာကိုလည်း ပျံ့နှံ့လာတဲ့ ရုပ်သံတွေထဲကတဆင့် The Red Flag က တွေ့မြင်ရပါတယ်။ အောက်ဖော်ပြပါဇယားမှားလည်း ကြည့်ရှုနိုင်ပါတယ်။

နောက်ဆုံးမှာတော့ သံလျင်ဗလီဝန်းအတွင်း ဆောက်လုပ်နေဆဲအဆောင်တွေ ဖြိုချပေးခဲ့ရပါတယ်။ ဒါ့အပြင် သန်လျင်ဗလီကိစ္စတင်မဟုတ်ဘဲ မျိုးချစ်ရဟန်းများရဲ့ မြေပြင်ဆင်းပြီး လုပ်ဆောင်မှုတွေ ကြောင့် တခြားဗလီတည်ဆောက်မှုများ၊ ဘာသာရေးစာသင်ဝိုင်းများ ပိတ်သိမ်းရကြောင်းလည်း ဂုဏ်ယူဝင့်ကြွားစွာ တင်ပြပြီး အမုန်းတရားဖြန့်ချိမှုတွေရှိနေဆဲပါ။
ဒီဖြစ်စဉ်ပေါ်မှာ ဗလီတာဝန်ရှိသူတွေက “ဗလီမဟုတ်ဘူး၊ ဗလီဝန်းအတွင်းက ဆိုင်ခန်းပြင်တာနဲ့ အသစ်ဆောက်တာပါ”လို့ ထပ်ခါထပ်ခါဖြေကြားနေပေမယ့် ဒီလိုနောက်ခံအချက်အလက်တွေကို မျိုးချစ်ဘုန်းကြီးတွေက လျစ်လျူရှုခဲ့ကြပါတယ်။ “ဌာနဆိုင်ရာတွေကိုငွေပေးပြီး ဗလီကိုခိုးဆောက်နေတယ်၊ သာသနာကစိုးရိမ်ရပြီ”ဆိုတဲ့ စွပ်စွဲချက်တွေကိုသာ တရားသေကိုင်ထားပြီး အွန်လိုင်းပေါ်ဆွေးနွေးငြင်ခုံဖို့ ဆွဲတင်လိုက်ကြပါတယ်။ မြေပြင်လှုပ်ရှားမှုနဲ့ အွန်လိုင်းဆွေးနွေးမှုတွေ ကျယ်ပြန့်သွားရတဲ့အခါ အစ္စလာမ်ဘာသာဝင်တွေဟာ နိုင်ငံအတွင်းမှာ မိမိတို့ရဲ့ဘာသာရေး အခွင့်အရေးကို မတရားအသုံးချနေတယ်ဆိုတဲ့ ပိုမိုကျယ်ပြန့်တဲ့ ဇာတ်ကြောင်းအထိ ချိတ်ဆက်သွားပါတယ်။ ဒီလိုချိတ်ဆက်ပုံက မတူညီတဲ့ဘာသာခြားတွေအပေါ် သံသယနဲ့ရန်လိုမှုအ မုန်းတရားကနေ အန္တရာယ်ရှိတဲ့အစွန်းရောက်မှုဆီအထိ ရောက်သွားစေနိုင်တယ်ဆိုတာကို The Red Flag အနေနဲ့ သုံးသပ်တွေ့ရှိရပါတယ်။
ဦးဝီရသူရဲ့ အစ္စလာမ်ဘာသာဝင်အသိုက်အဝန်းနဲ့ လတ်တလောတွေ့ဆုံမှုတွေကနေစပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း အမျိုးသားရေးလှုပ်ရှားမှုပုံစံတွေ၊ ၂၀၂၆ ခုနှစ်အတွင်း အွန်လိုင်းမှာ ကျယ်ပြန့်လာနေတဲ့ မျိုးချစ်အဖွဲ့အသစ်တွေရဲ့ လှုပ်ရှားမှုနဲ့ သံလျင်စိန်ကုန်းဗလီဖြစ်စဉ်အထိ အစ၊ အဆုံးကို ပြန်လည်ကြည့်မယ်ဆိုရင် အဓိကမေးခွန်းနှစ်ခု ပေါ်လာပါတယ်။
၁။ မ.ဘ.သ အဖွဲ့အစည်းအမည်ပျောက်ကွယ်သွားပေမယ့် အဲဒီကွန်ရက်က အသုံးပြုခဲ့တဲ့အတွေးအခေါ်နဲ့ အကြောင်းအရာ တင်ပြပုံတွေကရော ပျောက်ကွယ်သွားခဲ့ပြီလား။
“မပျောက်ကွယ်သေးဘူး၊ ဆက်ရှိနေဆဲဖြစ်တာ”ကို အပေါ်မှာသက်သေပြခဲ့တဲ့ The Red Flagရဲ့ ဆိုရှယ်မီဒီယာ စောင့်ကြည့်မှု Content Analysisတွေအရ သိနိုင်ပါမယ်။
ဒါဟာThe Red Flagရဲ့ တွေ့ရှိမှုများက အလုံးစုံပြည့်စုံမှန်ကန်တယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် စောင့်ကြည့်လေ့လာမှုများအရ စစ်တပ်၊ မ.ဘ.သ ဘုန်းကြီးတွေနဲ့ အမျိုးသားရေးကွန်ရက်အသစ်တွေဟာ တစ်နည်းမဟုတ်၊ တစ်နည်းနဲ့တော့ ချိတ်ဆက်နေတာကို တွေ့ရှိထားရပါတယ်။ အခြားသောမြေပြင်အထောက်အထားများနဲ့ပါ တိုက်ဆိုင်စစ်ဆေးပြီး စုံစမ်းဖော်ထုတ်နိုင်ဖို့၊ ဆက်လက်စောင့်ကြည့်နေဖို့ လိုအပ်ပါသေးတယ်။
အရေးကြီးတာက ဒီကွန်ရက်တွေဟာ အရင်က မ.ဘ.သ ဆိုတဲ့ အမည်ကို အသုံးပြုလားဆို “မဟုတ်ပါဘူး၊ မသုံးထားပါဘူး”။ ဒါပေမယ့် သူတို့တင်ဆက်တဲ့ အကြောင်းအရာတွေမှာ အရင် မ.ဘ.သ အယူအဆ ဗမာ-ဗုဒ္ဓဘာသာ၊ အမျိုးသားရေးဝါဒကိုအခြေခံပြီး အခြားဘာသာဝင်တွေ(အထူးသဖြင့် မွတ်ဆလင်အသိုက်အဝန်း) ကို ပြဿနာတစ်ခုရဲ့ အကြောင်းရင်းအဖြစ်ပုံဖော်ခြင်း၊ ဘာသာရေးဆိုင်ရာ အခွင့်အရေးကိစ္စတွေကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် တင်ပြခြင်းနဲ့ လူထုရဲ့စိုးရိမ်စိတ်ကို လှုံ့ဆော်နေကြပါတယ်။ ဒါဟာ လက်ရှိအဖွဲ့အားလုံးဟာ အဖွဲ့အစည်းတစ်ခုတည်းအောက်မှာ ရှိနေတယ်၊ ဒါမှမဟုတ် တစ်နေရာတည်းက တိုက်ရိုက်ညွှန်ကြားနေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့အမည်နဲ့ ဖွဲ့စည်းပုံကိုသာအခြေခံပြီး ဆုံးဖြတ်မယ့်အစား သူတို့အသုံးပြုတဲ့ အကြောင်းအရာ၊ သတင်းစကား၊ ဇာတ်ကြောင်းဖော်ပုံတွေနဲ့ လက်တွေ့လှုပ်ရှားမှုတွေ တူညီနေတာကို သက်သေအထောက်အထားနဲ့ နှိုင်းယှဉ်လေ့လာဖို့ ဖြစ်ပါတယ်။
ဒါကြောင့် မြေပြင်မှာဖြစ်စေ၊ အွန်လိုင်းမှာဖြစ်စေ ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်မှုတစ်ခုခုကို တွေ့ရပြီဆိုရင် ဘာသာမတူ၊လူမျိုးခြားတဲ့ ပြည်သူအချင်းချင်းက အမှန်တကယ် ပဋိပက္ခဖြစ်လို့ မုန်းတီးနေကြတာလား၊ ဒါမှမဟုတ် တစ်စုံတစ်ရာက နိုင်ငံရေး၊ အကျိုးစီးပွားတွေအတွက် ပြည်သူအချင်းချင်း မုန်းအောင်ဖန်တီးနေကြတာလား ဆိုတဲ့ သံသယထားပြီး တစ်စုံလုံးကို ခြုံငုံသုံးသပ် ဆင်ခြင်သင့်ပါတယ်။

၂။ ဒုတိယမေးခွန်းတခုကတော့ ကနဦးအစပြုထားတဲ့ မွတ်ဆလင်အသိုင်းအဝိုင်းအပေါ် ပြင်းထန်တဲ့ အမုန်းစကားတွေ ပြောဆို၊ လုပ်ဆောင်ခဲ့တဲ့ ဦးဝီရသူရဲ့ အခုလို ထိတွေ့ဆုံဆက်ဆံမှုတွေဟာ စစ်မှန်တဲ့ သဘောထားပြောင်းလဲမှုလား(ဒါမှမဟုတ်) “reputation laundering” (အပျက်သဘောပုံရိပ်ဆိုးကို ပြန်လည်သန့်စင်ရန် ပုံရိပ်ဆေးကြောခြင်း)လားဆိုတာ အပေါ်ကသက်သေပြအချက်အလက်တွေနဲ့ အောက်မှာဖော်ပြမယ့်အကြောင်းအရာကို စောင့်ကြည့်စိစစ်ပြီးတော့မှဘဲ စာဖတ်ပရိတ်သတ်ကိုယ်တိုင် ဆုံးဖြတ်စေချင်ပါတယ်။
မဝေးသေးတဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ၂၁ရက်နေ့မှာ “ကျားကိုလည်း အစာမကျွေးနဲ့၊ ကုလားကိုလည်း နေရာမပေးနဲ့” ဆိုတဲ့ စကားနဲ့ အစပြုထားပြီး “ကမ္ဘာကြီးတစ်ခုလုံး အကြမ်းဖက်ဝါဒီ မွတ်ဆလင်တွေရဲ့ လက်ထဲကို ရောက်သွားပြီဆိုရင် ချောင်းရေ၊ မြစ်ရေ၊ ပင်လယ်ရေတွေဟာ သူတော်ကောင်းတွေရဲ့ သွေးနဲ့ ပြည့်နှက်သွားလိမ့်မယ်” ဆိုတဲ့ စကားနဲ့ အဆုံးသတ်ထားတဲ့ “လည်သူစား အသူခံ” အမည်ရ YouTube ရုပ်သံ သုံးပိုင်း ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီရုပ်သံအပိုင်းတိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေဟာ ရောက်ရာနေရာတိုင်းမှာ လူသတ်မှု၊ အကြမ်းဖက်မှုနဲ့ မုဒိမ်းမှုကျူးလွန်သူတွေဖြစ်တဲ့အပြင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းက ပြဿနာတွေရဲ့ အဓိကတာဝန်ရှိသူတွေဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်တွေကို လက်ခံနေရာပေးခဲ့တာကြောင့် ကမ္ဘာတစ်ခုလုံး ဒုက္ခတွေ ကြုံနေရတယ်လို့ ပြောဆိုထားပြီး လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေကို လှုံ့ဆော်တဲ့ အကြောင်းအရာတွေ အဓိကပါဝင်ပါတယ်။ ဟောကြားသူကတော့ အခုဗလီတွေ၊ ဘုရားကျောင်းတွေကို သွားရောက်လည်ပတ်နေတဲ့ ဦးဝီရသူပဲ ဖြစ်ပါတယ်။
ဒီလို အစ္စလာမ်မုန်းတီးရေးစကားကို တစ်ကမ္ဘာလုံးနဲ့ချိတ်ဆက်ပြီး လှိုင်လှိုင်ပြောခဲ့တဲ့သူက တနှစ်ပင် မကြာသေးတဲ့ အခုကာလမှာ အစ္စလာမ်ဘာသာဝင်များနဲ့ ရင်းနှီးချစ်ခင်စွာရှိနေသလို ပြောင်းလဲလာတဲ့အပေါ် “တကယ်ပြောင်းလဲ သွားတာလား” ဆိုတဲ့မေးခွန်းက သဘာဝကျကျ ထွက်ပေါ်လာတောပါ။
ဒါပေမယ့် “လည်သူစား အ သူခံ” ဆိုတဲ့အမုန်းစကားရုပ်သံဖြန့်ချိခဲ့ချိန်မှာ ဦးဝီရသူကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ စစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကို အားပေးသူအဖြစ် သက်သေမတင်ရသေးပါဘူး။ အဲလိုသက်သေအဖြစ် တင်သွင်ခံရပြီးတဲ့နောက်မှသာ အခုလိုဘာသာတိုင်းအပေါ်လေးစားမှုရှိတဲ့ ဗုဒ္ဓဘာသာဘုန်ကြီးအဖြစ် လှုပ်ရှားနေတယ်ဆိုတဲ့ “အချိန်ကာလ”ကို မမေ့ဘဲထည့်တွက်စေလိုပါတယ်။ ဒါ့ပြင် သူနဲ့ တစ်နည်းမဟုတ် တစ်နည်းဆက်စပ်မှုရှိနေတဲ့ ဘုန်းကြီးတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ မျိုးချစ်အဖွဲ့တွေက အခုချိန်တိုင် ဘာသာရေးဖိနှိပ်မှု၊ လူမျိုးရေးခွဲခြားတွေ ပြောဆို၊လုပ်ဆောင်နေပြီး ပြည်သူတွေဆီကို အန္တရာယ်ရှိတဲ့ အမုန်းတရားလှုံ့ဆော်မှု၊ အဲကနေတဆင့် အစွန်းရောက်အမျိုးသားရေးအစွန်းရောက်မှုဆီအထိ လှုံ့ဆော်မှုတွေကို ကျူးလွန်နေဆဲ၊ ကျူးလွန်ဖို့လည်း ဆက်လက်စီစဉ်နေကြဆဲဆိုတာ အပေါ်ကအချက်အလက်တွေက သက်သေခံနေပါတယ်။
The Red Flag အနေနဲ့ ဦးဝီရသူက အမျိုးသားရေးအစွန်းရောက်ဘုန်းကြီးများ၊ လူပုဂ္ဂိုလ်အချို့နဲ့ မျိုးချစ်အဖွဲ့တွေချိတ်ဆက်နေတယ်ဆိုတဲ့အထောက်အထားတွေရှိပေမယ့် အမျိုးသားရေးကွန်ရက်များကို တိုက်ရိုက် ဦးဆောင်ညွှန်ကြားနေကြောင်း ပေါ်လွင်ထင်ရှားတဲ့သက်သေတော့ အခုချိန်မှာမရှိသေးပါဘူး။
သူ့ရဲ့နောက်လိုက်တွေ၊ အမြဲတမ်းတွေ့ဆုံဆွေးနွေးနေတဲ့ မျိုးချစ်အဖွဲ့တွေကတော့ မြေပြင်နဲ့ အွန်လိုင်းမှာ “အမုန်းတရားလှိုင်လှိုင်ပြောဆို၊ လုပ်ဆောင်နေကြချိန်မှာ ဦးဝီရသူကတော့ ဆန့်ကျင်ဘက်ပုံရိပ်အနေနဲ့ ဘာသာတိုင်းအပေါ် မေတ္တာထားကြောင်း လုပ်ဆောင်ချက်တွေပြသနေတာကိုတော့ ထင်ရှားစွာတွေ့လာရပါပြီ။ အဲဒီအပေါ် “ယုံကြည်ဖို့ခက်ခဲတယ်” ဆိုတဲ့တုံ့ပြန်မှုနဲ့ ဝေဖန်မှု၊ အငြင်းပွားမှုတွေဟာ ပြည်သူတွေကြား၊ အစ္စလာမ်ဘာသာဝင်အဖွဲ့အစည်းတွေကြား သာမက သူ့ရဲ့ နောက်လိုက် မျိုးချစ်အစွန်းရောက်အုပ်စုတွေကြားမှာပါ ဆက်လက်ထွက်ပေါ်နေဆဲပါ။
အမြဲနှလုံးသွင်းရမယ့်အဓိကအချက်ကတော့ မြန်မာနိုင်ငံမှာ အရင်ကရော၊ အခုရောလှုပ်ရှားနေကြတဲ့ အမျိုးသားရေးအစွန်းရောက်ဝါဒီများရဲ့ တူညီတဲ့အချက်က စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ခြင်း ဖြစ်ကြောင်း၊ ဘာသာရေးနှင့် လူမျိုးရေးအရ အကာအကွယ်ပေးခြင်းသာဖြစ်ကြောင်း၊ စစ်တပ်ရဲ့ ဒေါက်တိုင်အဖြစ်ရပ်တည်၊ ထောက်ခံပေးနေတဲ့ သိသာထင်ရှားတဲ့ လှုပ်ရှားမှုများကိုသာ တူညီစွာလုပ်ဆောင်နေကြခြင်း ဖြစ်ပါတယ်။
ဒါပြင် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံကတရားစွဲဆိုထားတဲ့ ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာအမှုနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့မှာ အမိန့်ချတော့မှာ ဖြစ်ပါတယ်။ အဲဒီအမိန့်ချမယ့်တရားရုံးချိန်းမတိုင်မီ “ရိုဟင်ဂျာမရှိကြောင်း ပြည်တွင်းကအစ္စလာမ်ဘာသာဝင်များကိုယ်တိုင် သက်သေပြဖို့” အမျိုးသားရေးသမားတွေ၊ မျိုးချစ်ကွန်ရက်တွေက ချိတ်ဆက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
အမိန့်ချပေမဲ့လည်း ဆက်လက်စူးစမ်းဖော်ထုတ်ဖို့ လိုအပ်တဲ့အရေးကြီးတဲ့ အချက်တွေ ရှိနေပါသေးတယ်။
နိုဝင်ဘာ ၂၀၂၆
The Red Flag

၃။ “မျိုးချစ်ညီနောင်”









