(ကျောင်းခေါင်းလောင်းသံကြားတိုင်း ပြန်အသက်ဝင်လာတဲ့ ဝါဒဖြန့်ချိရေးဇာတ်ကြောင်းများ)
မုတ်သုန်လေနဲ့အတူ မြေသင်းနံ့က လေထဲမှာ ပျံ့နေပြီး မိုးစက်တချို့က သစ်ရွက်တွေပေါ်ကို တဖြည်းဖြည်းကျနေတဲ့ ဝသာန်ရာသီ။ မြန်မာနိုင်ငံမှာ ဒီလို မေလကုန်၊ ဇွန်လဆန်းရောက်လာတိုင်း ကျောင်းခေါင်းလောင်းသံကို လူတိုင်းသတိရတတ်ကြပါတယ်။
ကလေးတချို့အတွက်တော့ အဖြူအစိမ်းဝတ်စုံအသစ်၊ ကျောပိုးအိတ်အသစ်၊ စာအုပ်သစ်တွေနဲ့ ကျောင်းပြန်တက်ရမယ့် ရင်ခုန်စရာရာသီ။ တချို့အတွက်တော့ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံရမယ့် အချိန်။ မိဘတွေအတွက်တော့ သားသမီးတွေရဲ့ အနာဂတ်ကို ပညာနဲ့တည်ဆောက်ပေးဖို့ မျှော်လင့်ချက်တွေ ပြန်အသက်ဝင်လာတဲ့ ကာလ။ ဆရာ၊ ဆရာမတွေအတွက်လည်း မျိုးဆက်သစ်တွေကို အသိပညာပြန်လည်မျှဝေပေးရတဲ့ ပျော်ရွှင်စရာရာသီတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။
တစ်ချိန်က မြန်မာနိုင်ငံရဲ့ ကျောင်းဖွင့်ရာသီဟာ ဒီလို ပုံရိပ်တွေနဲ့ ပြည့်နှက်နေခဲ့ဖူးပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးချိန် နောက်ပိုင်းမှာတော့ ဒီပုံရိပ်တွေဟာ တဖြည်းဖြည်း မှေးမှိန်လာခဲ့ပြီး ဒီအခင်းအကျင်းက လုံးဝပြောင်းလဲသွားခဲ့ပါတယ်။
ကျောင်းဖွင့်ရာသီနဲ့အတူ ပြောင်းလဲသွားတဲ့ မြင်ကွင်း
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ မကြုံဖူးတဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ “ကျောင်းမတက်နဲ့၊ ကျောင်းထွက်”၊ “စစ်ကျွန်ပညာရေး အလိုမရှိ” ဆိုတဲ့ ကြွေးကြော်သံတွေဟာ လူထုဆန္ဒပြပွဲတွေရဲ့ အသံဖြစ်လာခဲ့သလို၊ ဆရာ၊ ဆရာမအများအပြားက CDM မှာပါဝင်ခဲ့ကြပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေလည်း အစိုးရကျောင်းတွေကနေ ထွက်ခွာခဲ့ကြပါတယ်။ အဲဒီနောက်မှာ မိသားစုတိုင်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပညာရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြရပါတယ်။ ငွေကြေးတတ်နိုင်သူတွေက နိုင်ငံတကာကျောင်းတွေကို ရွေးချယ်ကြတယ်။ မတတ်နိုင်သူတွေကတော့ တော်လှန်ရေးအဖွဲ့များရဲ့ ကြားကာလပညာရေးစနစ်တွေ အောက်မှာ ပညာဆက်လက်သင်ယူနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။
ဒါပေမယ့် ပညာသင်ဖို့ နေရာရှိနေတာနဲ့ လုံခြုံတာဟာ တူညီတဲ့အရာ မဟုတ်ခဲ့ပါဘူး။
စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ကျောင်းတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ပစ်မှတ်တွေဖြစ်လာခဲ့ပါတယ်။ တစ်ချိန်က ရွာတွေမှာ အားကိုးရတဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေတောင်မှ ကလေးတွေခိုလှုံပညာသင်ရမယ့်နေရာမဟုတ်တော့ဘဲ ရှောင်ရှားရတဲ့ နေရာတွေဖြစ်လာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်က ဒီအခြေအနေကို အထင်ရှားဆုံးပြသခဲ့ပါတယ်။ စာသင်နေတဲ့ ကျောင်းမှာ ဗုံးကျခဲ့တယ်။ ဆရာမနှစ်ဦးနဲ့ ကျောင်းသား၊ ကျောင်းသူ ၂၂ ဦး အသက်ဆုံးရှုံးခဲ့ရတယ်။
ပညာသင်ဖို့သွားတဲ့နေရာဟာ အသက်အန္တရာယ်ရှိတဲ့ နေရာဖြစ်သွားနိုင်တယ်ဆိုတဲ့ အကြောက်တရားက မိသားစုများစွာရဲ့ ဆုံးဖြတ်ချက်တွေကိုပြောင်းလဲစေခဲ့ပါတယ်။
လေ့လာစောင့်ကြည့်ရေးအဖွဲ့ Progressive Voice ရဲ့ ဒီနှစ်၊ ဧပြီလထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီး ငါးနှစ်အတွင်း နိုင်ငံတစ်ဝန်း စာသင်ကျောင်း ၂၅၁ ကျောင်း လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာ၊ ဆရာမ ၂၇၆ ဦး သေဆုံးကာ ၆၈၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေအောက်မှာ ပညာသင်ကြားရေးရဲ့ ပထမဆုံးစိန်ခေါ်မှုဟာ “စာသင်ဖို့ နေရာရှိသေးရဲ့လား” ဆိုတဲ့ မေးခွန်းဖြစ်လာခဲ့ပါတယ်။
ပညာရေးဟာ နိုင်ငံရေးရဲ့ ကြားညှပ်ခံဖြစ်လာတဲ့အခါ
တော်လှန်ရေးကာလကြာရှည်လာတာနဲ့အမျှ စစ်တပ်က လက်နက်အင်အားနဲ့ အကြမ်းဖက်၊ သတ်ဖြတ်နေရုံသာမက ဥပဒေ၊ စည်းမျဉ်း၊ မူဝါဒတွေကိုပါ အသုံးချပြီး ပညာရေးကဏ္ဍကို ပိုမိုထိန်းချုပ်လာခဲ့ပါတယ်။ ပုဂ္ဂလိကကျောင်းတွေ၊ နိုင်ငံတကာကျောင်းတွေကို ကန့်သတ်ချက်အသစ်တွေ ချမှတ်လာသလို တိုက်ပွဲဖြစ်ပွားရာဒေသက ကျောင်းသားတွေကို ပိုမိုဖိနှိပ်တဲ့အတွက် ပညာသင်ယူခွင့်ရဖို့လည်း ပိုမိုခက်ခဲလာခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြားမှာ မိဘတွေအတွက် ရွေးချယ်စရာတွေက ပိုပြီးပိုပြီး ကျဉ်းမြောင်းလာရပါတော့တယ်။
တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုအချို့အနေနဲ့ “စစ်ကျွန်ပညာရေး” ကို ဆက်လက်ဆန့်ကျင်နေကြပြီး၊ ကျောင်းမတက်ဖို့ ဟန့်တားတာတွေ၊ တက်ရောက်ပါက အရေးယူမည်ဟုခြိမ်းခြောက် ထုတ်ပြန်တာတွေ၊ တော်လှန်ပညာရေးကိုသာ သင်ကြားဖို့တွေကို ဆက်လက်လုပ်ဆောင် နေကြဆဲဖြစ်ပါတယ်။ အဖွဲ့တချို့ကတော့ ကလေးတိုင်း ပညာသင်ခွင့်ဟာ အခြေခံလူ့အခွင့်အရေးဖြစ်လို့ အဆင်ပြေရာကျောင်းကို တက်ရောက်ကြဖို့အမြင်ကို ထုတ်ဖော်လာကြပါတယ်။
ဒီလိုဖိနှပ်မှုနှစ်ခုကြားမှာ အခက်ခဲဆုံးဖြစ်နေရသူတွေကတော့ မိဘတွေနဲ့ ကလေးတွေပါပဲ။ ဘယ်သူ့လက်အောက်က ကျောင်းကိုရွေးမလဲ။ သားသမီးတွေရဲ့ လုံခြုံရေးကို ရွေးမလား၊ ပညာရေးကို ရွေးမလားဆိုတဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကို နေ့စဉ်ချနေရတဲ့ မိသားစုတွေများလာခဲ့ပါတယ်။ ဒါကြောင့်အခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာတော့ အစိုးရစာသင်ကျောင်းတွေကို ကျောင်းပြန်အပ်တဲ့ မိသားစုတွေ ပိုများလာတာကို တွေ့ရပါတယ်။
ပညာရေးအသိုင်းအဝိုင်းကတော့ ဒါဟာ စစ်တပ်ကို ထောက်ခံလာတာကြောင့်မဟုတ်ဘဲ နယ်မြေ ပြောင်းရွှေ့မှုတွေ၊ လုံခြုံရေးအခြေအနေတွေ၊ ပညာရေးရွေးချယ်စရာ နည်းပါးလာမှုတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ကျောင်းဖွင့်ရာသီဆိုရင် ခေါင်းလောင်းသံတွေအစား ဆန္ဒပြကြွေးကြော်သံတွေ ကြားလာရတယ်။ စာသင်ခန်းတွေအစား စစ်ဆေးရေးဂိတ်တွေ၊ ဖမ်းဆီးမှုတွေ၊ လေကြောင်းတိုက်ခိုက်မှုသတင်းတွေက အစားထိုးလာပါတယ်။
ဒါကြောင့်ကျောင်းဖွင့်ရာသီဆိုတဲ့ စကားလုံးက အရင်လိုပျော်ရွှင်မှုကို မရည်ညွှန်းတော့ဘဲ စိုးရိမ်မှုနဲ့ ရွေးချယ်ရခက်ခဲမှုတွေကိုပါ တွဲမြင်လာရတဲ့ အချိန်ဖြစ်လာပါတယ်။ ဒါ့ပြင် ကျောင်းဖွင့်ရာသီနဲ့အတူ နောက်ထပ်တစ်ခုလည်း နှစ်စဉ် ပြန်ပေါ်လာတတ်ပါတယ်။ အဲဒါကတော့ စစ်တပ်ဖြန့်ချိတဲ့“ရာသီစာ မုသာဝါဒ” ပါဘဲ။
ကျောင်းဖွင့်ရာသီရောက်တိုင်း ပြန်လာတဲ့ “ရာသီစာ မုသာဝါဒ”(ကျောင်းဖွင့်ရာသီရောက်တိုင်း ဘာကြောင့် သတင်းမှားတွေ ပိုများလာတာလဲ)
လူတွေရဲ့ အာရုံဟာ ဘယ်အချိန်မှာ ပညာရေးပေါ် ပိုရောက်နေသလဲ။ အဖြေက ကျောင်းဖွင့်ရာသီပါ။ ဒီအချိန်မှာ လူတွေက ကျောင်း၊ ကလေး၊ ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ပိုစိတ်ဝင်စားကြပါတယ်။ အဲဒီလို စိတ်ဝင်စားမှု မြင့်နေတဲ့အချိန်ကို စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးယန္တရားတွေက ကောင်းကောင်း၊စနစ်တကျအသုံးချလာတာ ၂၀၂၂ခုနှစ်ကတည်းက အခုချိန်ထိပါ။ ကျောင်းဖွင့်ရာသီရောက်တိုင်း ပုံစံအသစ်၊ စာသားအသစ်နဲ့ ပြန်ပေါ်လာတတ်ပါတယ်။ ဒါဟာ မတော်တဆ မဟုတ်ပါဘူး။ အကြောင်းအရာတစ်ခုကို ထပ်ခါတလဲလဲမြင်ရရင် လူကအမှန်လို့ ယူဆသွားတတ်တဲ့ စိတ်ပညာကို စစ်တပ်ကကောင်းကောင်းအသုံးချပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတဲ့ ထပ်ခါထပ်ခါ ပြန်အသုံးပြုနေတဲ့ ဝါဒဖြန့်ချိရေးပုံစံတစ်ခုပါ။
The Red Flag ရဲ့ စောင့်ကြည့်တွေ့ရှိချက်တွေအရ နှစ်တိုင်း ဇွန်လရောက်တိုင်း ထပ်တလဲလဲ ပြန်ပေါ်လာတဲ့ ဇာတ်ကြောင်းတွေရှိပါတယ်။ မြင်သာတဲ့ဥပမာကတော့၂၀၂၁ ခုနှစ်က စစ်တပ်ကိုဆန္ဒပြတဲ့ ဓာတ်ပုံတွေကို အခုမှဖြစ်သလိုဖန်တီးပြီး ဇာတ်ကြောင်းကိုလည်း ပြောင်းပြန်လှန်ကာ၂၀၂၆ခုနှစ်မှာ အသစ်လိုပြန်တင်ခြင်းပါ။ စစ်တပ်ကိုပုံဖော်ခဲ့တဲ့နေရာတွေမှာ ပြောင်းပြန်အစားထိုးပြီး “PDF တွေက ပညာရေးဖျက်ဆီးနေတယ်။” “ဆရာ၊ ဆရာမတွေကို အကြမ်းဖက်နေတယ်။” ဆိုတဲ့ စာသားအသစ်တွေနဲ့ ပြန်ဖြန့်တယ်။ တကယ်က ဒီအကြောင်းအရာတွေကို အချက်အလက်စိစစ်ရေးအဖွဲ့တွေက သတင်းမှားဖြစ်ကြောင်း လွန်ခဲ့တဲ့နှစ်တွေ ကတည်းက စိစစ်ထားပေးပြီးသားဖြစ်ပါတယ်။

- ပုံစာ- စစ်တပ်ထောက်ခံချန်နယ်များက Facebook, Telegram ပလက်ဖောင်းကို အသုံးပြုပြီး ၂၀၂၁ခုနှစ်၊ ဆန္ဒပြသရုပ်ဖော်ဓာတ်ပုံများကို ယခုနှစ်၊ ဇွန်လတွင် ပြန်လည်အသုံးပြုပြီး မျှဝေသည့်ပုံစံ

- ပုံစာ – အချက်စိစစ်သည့် ဌာနများက ယင်းဓာတ်ပုံများသည် သတင်းမှားဖြစ်ကြောင်း ၂၀၂၂ခုနှစ်နှင့် ၂၀၂၆ခုနှစ်တွင် စိစစ်ပေးထားကြသည့်ပုံစံ
“သူခိုးက လူပြန်ဟစ်” တဲ့ မုသာဝါဒဇာတ်ကြောင်းများ
အပေါ်က အချက်အလက်တွေ၊ အကြောင်းအရာတွေကို ဖတ်ကြည့်၊ မြင်ကြည့်ပြီးပြီးဆိုရင် မြန်မာပြည်က ကလေးတွေရဲ့ ပညာသင်ကြားရေးကို စနစ်တကျ ဖိနှိပ်ဖျက်ဆီး၊ နှောင့်ယှက်၊ အကြမ်းဖက်၊ စာသင်ကျောင်းတွေကို လေကြောင်းကနေဗုံးကြဲခဲ့တဲ့ လက်သည်တရားခံဟာ မတရားအာဏာသိမ်းထားတဲ့ စစ်တပ်ဆိုတာ အားလုံးပြန်အမှတ်ရကြမှာပါ။
ဒါပေမယ့်လည်း “သူခိုးက လူပြန်ဟစ်” ဆိုသလို “PDF တွေက စာသင်ကျောင်းတွေကို မိုင်းခွဲတယ်“၊ “စာသင်ကျောင်းတွေကို စစ်စခန်းလုပ်ထားတယ်”၊ “NUG ဝန်ကြီးတွေ၊ တော်လှန်အနုပညာရှင်တွေရဲ့ သားသမီးတွေ နိုင်ငံခြားမှာ ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်နေတယ်”၊ “PDF ကြောင့် ကလေးတွေ ကျောင်းမတက်နိုင်တော့ဘူး”စတဲ့ ဇာတ်ကြောင်းတွေဟာလည်း နှစ်တိုင်းနီးပါးကျောင်းဖွင့်ရာသီ ရောက်တိုင်း ထပ်တလဲလဲပြန်ပေါ်လာတတ်တဲ့ “ရာသီစာ မုသာဝါဒ” တွေ ဖြစ်လာနေပါတယ်။
၂၀၂၆ ခုနှစ်မှာ တွေ့ရတဲ့ ထူးခြားချက်ကတော့ AI နည်းပညာကို ပိုပြီး အသုံးပြုလာတာပါ။ AI ဖန်တီးထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ “ကျောင်းတက်ရင် သတ်မယ်“၊”လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးနေတာ PDF တွေပဲ”၊ “ပန်းပျိုးလက်တွေကို ပစ်မှတ်ထားနေတဲ့ PDF” စတဲ့ စိတ်ခံစားချက်ကို လှုံ့ဆော်တဲ့ စကားလုံးတွေနဲ့တွဲဖက်ပြီး ဒေသအစုံမှာ PDFတွေက ဆရာ၊ ဆရာမတွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ ကျောင်းကားတွေကို နှောင့်ယှက်၊ ကျောင်းအပ်တဲ့ မိဘတွေကို သတ်ဖြတ်၊ ဖမ်းဆီး စသဖြင့် ဖြန့်ဝေနေတာကို တွေ့ရပါတယ်။
ဒီဇာတ်ကြောင်းတွေမှာ တွေ့ရတဲ့ တူညီတဲ့ပုံစံကတော့ ကျူးလွန်သူက နစ်နာသူအဖြစ် ပြန်လည်ဟန်ဆောင်ခြင်းပါ။ ဒါဟာ မြန်မာစစ်တပ်ရဲ့ဝါဒဖြန့်ချိရေးမှာ အသုံးများတဲ့ နည်းဗျူဟာ တစ်ခုဘဲဖြစ်ပါတယ်။
Share မလုပ်ခင် စဉ်းစားဖို့လိုတဲ့ခေတ်
ဒါကြောင့် အခုအချိန်မှာ ဓာတ်ပုံတစ်ပုံတွေ့ရုံ၊ ရုပ်သံဖြစ်နေရုံနဲ့လည်း အမှန်လို့ မယူဆနိုင်တော့ပါဘူး။ AIက မျက်စိကိုလှည့်စားနိုင်သလို၊ စနစ်ကျတဲ့ဝါဒဖြန့်ချိရေးက လူတွေရဲ့ဒေါသ၊ ကြောက်ရွံ့မှုနဲ့ သနားစိတ်ကို အလွယ်တကူ အသုံးချနိုင်ပါတယ်။ ထပ်ခါတလဲလဲဖြန့်ချိမှုက အမှန်လို့ထင်လာစေတတ်ပါတယ်။
ဒါကြောင့် အခုအချိန်လူမှုကွန်ရက်ပေါ်မှာ PDF တွေက ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတွေကို သတ်ဖြတ်နေတယ်၊ ဖမ်းဆီးနေတယ်ဆိုတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တွေ့လာရင် ချက်ချင်း မယုံကြည်သင့်ပါဘူး။ ကျောင်းဖွင့်ရာသီဟာ ကလေးတွေအတွက် ပညာသင်ယူရမယ့် အချိန်ဖြစ်သလို၊ သတင်းမှားတွေအတွက်လည်း “ရာသီစာအချိန်” ဖြစ်လာနေပါတယ်။ ဒီလို “ရာသီစာ မုသာဝါဒ” တွေကို ရပ်တန့်နိုင်မယ့် နည်းလမ်းကတော့ မျှဝေမှုမြန်ဆန်တာ မဟုတ်ဘဲ၊ စိစစ်မှု တိကျတာပဲ ဖြစ်ပါတယ်။
ဓာတ်ပုံတစ်ပုံ တွေ့ရင်၊ ဗီဒီယိုတစ်ခုတွေ့ရင် အရင်ဆုံးစစ်ဆေးပါ။ Share မလုပ်ခင် “ဒီအချက်အလက်က ဘယ်ကလာတာလဲ” ဆိုတာ ကိုယ့်ကိုယ်ကို အရင်မေးပါ။ အချက်အလက်စိစစ်ရေးအဖွဲ့တွေ၊ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေဆီမှာ အတည်ပြုကြည့်ပါ။ အချို့သော သတင်းမှားတွေဟာ လူတစ်ယောက် Share လုပ်လိုက်တဲ့ ခလုတ်တစ်ချက်ကနေ စတင်ပြီး ထောင်ပေါင်းများစွာသော လူတွေဆီ ပျံ့နှံ့သွားတတ်ပါတယ်။
မိုးရာသီဟာ နှစ်တိုင်းပြန်လာမှာပါ။ ကျောင်းဖွင့်ရာသီလည်း နှစ်တိုင်းရောက်လာမှာပါဘဲ။ အဲဒီလိုဘဲ ကျောင်းခေါင်းလောင်းသံနဲ့အတူ ပျံ့နှံ့လာလေ့ရှိတဲ့ စနစ်တကျ ပြည်သူကိုစိတ်ဓာတ်စစ်ဆင်ရေး အတွက် ထပ်တလဲလဲဖြန့်နေတဲ့ ရာသီစာမုသာဝါဒတွေကိုတော့ သတိရှိရှိဖတ်ရှုတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကသာ လျော့နည်းသွားအောင် လုပ်နိုင်မှာဖြစ်ကြောင်း The Red Flagက တင်ပြ၊ တိုက်တွန်းလိုက်ပါရစေ။