‎ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်လော်ဘီချန်နယ်ရဲ့ ဝါဒဖြန့်သတင်းမှား

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်လော်ဘီချန်နယ်ရဲ့ ဝါဒဖြန့်သတင်းမှား
‎Fact-check _TawNaw FM / The Red Flag/ MFCN
‎4 Nov 2025
‎TawNaw FM ရဲ့အချက်အလက်စစ်ဆေးခြင်းကနေအားလုံးကို ပြန်လည် ကြိုဆိုပါတယ်။
‎ဒီနေ့ကတော့ Myanmar Update News တင်ထားတဲ့ အချက်အလက်မှားတွေပါဝင်နေတဲ့ သတင်းကို စစ်ဆေးပေးချင်ပါတယ်။
‎ဒီသတင်းကို စက်တင်ဘာလ ၉ ရက်မှာ တင်ထားပြီးကြည့်ရှုသူ ၂၄၂၄ ဦး၊ မျှဝေသူ ၃ ဦးနဲ့ နှစ်သက်သူ ၄၀ဦး ရှိခဲ့ပါတယ်။
‎ဒီသတင်းကို အောက်ကလင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
‎ဒီသတင်းကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ တောနော်က အချက်အလက်စစ်ဆေးကြည့်ရာမှာတော့ အာဏာသိမ်းစစ်တပ်ဝါဒဖြန့်ချန်နယ်တွေဟာ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ရွေးကောက်ပွဲဆန့်ကျင်တဲ့အဖွဲ့တွေကို ရည်ရွယ်ချက်ရှိရှိ ပုတ်ခတ်ရေးသားထားတဲ့ ဝါဒဖြန့်သတင်း ဖြစ်ပါတယ်။
‎သတင်းအမှားစစ်ဆေးချက်
‎ဒီသတင်းကိုရေးသားသူဟာ ၁၉၃၅ခုနှစ်မှာ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ ကျင်းပခဲ့တုန်းက ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကေအဲန်ယူတို့ဟာ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့သလို အခုလည်း ဆန့်ကျင်နေတယ်ဆိုပြီး ရေးထားတာပဲဖြစ်ပါတယ်။
‎ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်မှာ အဖွဲ့ဝင် ခုနစ်ဦးနဲ့ ရန်ကုန်မြို့၊ ဘားလမ်းမှာစတင်ဖွဲ့စည်းခဲ့တာပါ။
‎ကေအဲန်ယူကို KNA (Karen National Association), BKNA ( Buddhist Karen National Association), KCO (Karen Central Organization), KYO (Karen Youth Organization) ဆိုတဲ့အဖွဲ့လေးဖွဲ့နဲ့ ၁၉၄၇ ဖေဖော်၀ါရီလ ၅ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
‎အထက်မှာစစ်ဆေးပေးခဲ့တာတွေကတော့ ခုနှစ်သက္ကရာဇ်အမှားကို စစ်ဆေးပေးခဲ့တာပဲ ဖြစ်ပါတယ်။
‎၁၉၅၁ ရွေးကောက်ပွဲအကြောင်းနဲ့ပတ်သက်ပြီး ရေးသားချက်ကိုလည်းဆက်လက်စစ်ဆေးပါမယ်။
‎မြန်မာပြည်ကြီးဟာ နယ်ချဲ့အင်္ဂလိပ်တွေလက်အောက်ကနေ နု-အက်တလီစာချုပ်ကြောင့် လွတ်လပ်ရေး ပြန်လည်ရရှိခဲ့ပေမဲ့ လက်ျာ-ဖရီးမင်း ကာကွယ်ရေး စာချုပ်အရ သုံးနှစ်တာဗြိတိသျှစစ်သင်တန်း အစီအစဉ်တွေကို ထည့်သွင်းပါတယ်။
‎တိုင်းပြည်ကို ဗြိတိသျှရဲ့စစ်မဟာမိတ်အဖြစ် ကျန်ရှိစေဖို့နဲ့ ပတ်သက်ပြီး ဗမာြပည်ကွန်မြူနစ်ပါတီဟာ ဗြိတိသျှတွေပေးတဲ့ လွတ်လပ်ရေးဟာ အပြည့်အ၀ လွတ်လပ်ရေးမဟုတ်ဘဲ ရွှေရည်စိမ်လွတ်လပ်ရေးသာဖြစ်တယ်လို့ ဆိုခဲ့ကြတာ ဖြစ်ပါတယ်။
‎ဗမာပြည်ကွန်မြူနစ်ပါတီလိုချင်ခဲ့တဲ့လွတ်လပ်ရေးဟာ တိုင်းပြည်မှာရှိတဲ့ လူမျိုးအားလုံးရဲ့ လွတ်လပ်ရေးနဲ့ တန်းတူအခွင့်အရေးကိုလိုလားတာကြောင့် ဖဆပလအဖွဲ့ကြီးနဲ့ သဘောထားစတင် ကွဲလွဲခဲ့ကြတာပဲဖြစ်ပါတယ်။
‎စာဖတ်သူတွေအနေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ထိုနေ့ခေတ်အကြောင်းကို လွတ်လပ်သော သတင်းမီဒီယာတွေရဲ့ တင်ပြမှုတွေကို အောက်ကလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
‎BBC သတင်းဌာနလင့်ခ် – https://shorturl.at/aj2xM
‎The Irrawady News link – https://shorturl.at/GJnn6
‎လက်ရှိဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အထွေထွေအတွင်းရေးမှုးကတော့ “ ကွန်မြူနစ်ဆိုရင် တစ်တိုင်းပြည်လုံးက အမျိုးသားပေါင်းစုံ အတွက် လုပ်တဲ့အဖွဲ့အစည်းအဖြစ် အကုန်လုံးကသိတော့ သူတို့ရဲ့ ခြေတွေလက်တွေကို ရိုက်ချိုးဖို့ လုပ်တာပေါ့လေ၊ အခုလည်းသူတို့လုပ်နေတာက လူထုအတွက်လုပ်နေတာမှ မဟုတ်တာလေ သူတို့အတွက်သူတို့သက်ဆိုးရှည်ဖို့လုပ်နေတာကို တားရမှာပဲ “ လို့ ရွေးကောက်ပွဲကိုဆန့်ကျင်တာနဲ့ပတ်သက်ပြီး ခုလိုဆိုထားပါတယ်။
‎ဝါဒဖြန့်ချိရေးဆိုပြီးတော့ တစ်ခါဖြန့်ရင်မရဘူး၊ အကြိမ်ကြိမ်ပြောရင်ယုံသွားမယ်ဆိုတဲ့ နည်းတွေကို သုံးပြီးတော့ စစ်အာဏာရှင်တွေဟာ သမိုင်းအမှားကို အမှန်ဖြစ်အောင် အမှန်ကိုအမှားဖြစ်အောင် လုပ်ပြီး တောက်လျှောက်ဝါဒဖြန့်တာတွေပြုလုပ်နေတာကြောင့် သမိုင်းအမှန်ကို ကောင်းကောင်းချပြဖို့ လိုတယ်လို့ သူကဆိုပါတယ်။
‎တစ်ဘက်မှာလည်း မြန်မာပြည်လွှတ်လပ်ရေးရပြီးချိန်မှာ KNU က ဖဆပလအစိုးရကို ကရင်ပြည်ပေးဖို့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၃ရက်မှာတောင်းဆိုခဲ့ပြီး ၁၉၄၈ခုနှစ် မတ်လမှာနောက်ဆုံးထားပြီးစာပြန်ဖို့ နဲ့ ပြန်စာမရရှိပါက ဒါမှမဟုတ် ကရင်ပြည်ပြန်ပေးဖို့ ငြင်းဆိုပါက ကရင်အမျိုးသားတွေ ခြေတစ်လှမ်းတက်လှမ်းမယ်လို့ပါရှိခဲ့ပါတယ်။
‎အဲဒီသဘောထားကို လေးနက်စေလိုတဲ့အတွက် ၁၉၄၈ ဖေဖော်ဝါရီလ ၁၁ရက်စလို့ ကရင်လူထုလေးသိန်းကျော်က တန်းတူအခွင့်အရေး ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွှတ်ရေးအတွက် ကရင်ပြည်ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ခြင်းပြ၊ ပြည်တွင်းစစ်အလိုမရှိ၊ လူမျိုးရေးအဓိကရုဏ်းအလိုမရှိ ဆိုတဲ့ကြွေးကြော်သံ လေးချက်နဲ့အတူ ရိုးရာဝတ်စုံကို ဝတ်ဆင်ပြီး မြို့ပေါ်မှာ အေးချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။
‎ဖဆပလအစိုးရကထိုတောင်းဆိုချက်ကို လစ်လျူရှုခဲ့ပြီး ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ကိုလည်း တရာမဝင်အသင်းကြီးအဖြစ် ကြေညာလိုက်တာကြောင့် သူတို့ကျင်းပတဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ကရင်တွေ တော်လှန်ရေးမှာ ပါဝင်ဖို့ဖြစ်လာခဲ့ရပါတယ်။
‎လက်နက်ကိုင်တော်လှန်ရေးမှာ ကေအဲန်ယူဦးဆောင်တဲ့တပ်တွေဟာ ရန်ကုန်မြို့ အင်းစိန်အထိ သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တော် ရန်ကုန်ကိုပါ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
‎ကရင့်တော်လှန်ရေးသမိုင်းပိုမိုသိချင်ရင် ကရင်အမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကတင်ထားတဲ့ ကရင့်သမိုင်းအကျဉ်း ကိုလည်း အောက်ကလင့်ခ်မှာ ဖတ်ရှုနိုင်သလို ကျန်တဲ့ပြင်ပစာအုပ်တွေမှာလည်း လေ့လာဖတ်ရှုကြည့်နိုင်ပါတယ်။
‎အဲဒီအချိန်မှာ ဖဆပလကိုဆန့်ကျင်တော်လှန်ခဲ့တာဟာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကေအဲန်ယူတို့ပဲ မဟုတ်ခဲ့ပါဘူး။
‎ရခိုင်၊ ပအိုဝ်း၊ မွန်၊ ရှမ်းတို့ကလည်း ဖဆပလအစိုးရကို ဆန့်ကျင်တော်လှန်ခဲ့ကြပါတယ်။
‎၁၉၅၁ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ လူထု ရှစ်သန်းထဲမှာ တစ်သန်းကျော်ပဲမဲပေးခဲ့ကြတာဟာ ရွေးကောက်ပွဲမှာ အများပြည်သူ သဘောဆန္ဒဟုတ်မဟုတ်သိနိုင်ပါတယ်။
‎၁၉၆၀ ရွေးကောက်ပွဲအပြီးနောက်ပိုင်းမှာလည်း ရှမ်းစော်ဘွား စဝ်ရွှေသိုက်ဦးဆောင်တဲ့ ဖက်ဒရယ်လှုပ်ရှားမှုကို တိုင်းပြည့်အားတစ်စစီဖြိုခွဲဖို့ကြိုးပမ်းတယ်လို့ထောက်ပြပြီး ၁၉၆၂ခု မတ် ၂ရက်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်။
‎ဒါတွေကိုကြည့်ခြင်းအားဖြင့် ခေတ်အဆက်ဆက်မှာ မြန်မာစစ်တပ်ဟာ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ကို မလိုလားရုံမက အပြင်းအထန် ပိတ်ပင်တားဆီးဖို့လုပ်နိုင်သမျှလုပ်ခဲ့ကြပါတယ်။
‎လက်ရှိမှာလည်း အာဏာသိမ်းစစ်တပ် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအသိအမှတ်မပြုတဲ့ ရွေးကောက်ပွဲကို ဆင်နွှဲနိုင်ဖို့ ကြိုးစားနေပါတယ်။
‎ဒီရွေးကောက်ပွဲကို ဆန့်ကျင်ရတာနဲ့ပတ်သက်ပြီး ကေအဲန်ယူရဲ့ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကတော့ ‘’ဒီရွေးကောက်ပွဲဟာ ကျွန်တော်တို့ကို ဖျားယောင်းဖို့အတွက်နဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုရရှိဖို့အတွက် ကျင်းပရခြင်းဖြစ်တယ်။
‎ဒီရွေးကောက်ပွဲဖြစ်မြောက်ရေးဟာ ၂၀၀၈ အခြေခံဥပဒေကိုအတည်ပြုတာဖြစ်ပြီး စစ်တပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးမှာ အဆုံးသတ်မရှိတဲ့ စစ်အာဏာတည်မြဲတာနဲ့ အတူတူပဲဖြစ်တယ်။ ဒီနိုင်ငံအတွက် ပွတ်တိုက်မှုနဲ့ ပဋိပက္ခကို ပိုမိုကြီးထွားလာအောင် လုပ်ဆောင်တာနဲ့ အတူတူပဲ” လို့ ပြီးခဲ့တဲ့ ကရင့်အာဇာနည်နေ့ မိန့်ခွန်းမှာဆိုထားပါတယ်။
‎နိုင်ငံရဲ့အာဏာကို စစ်အာဏာရှင်၊ အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ လက်တစ်ဆုပ်စာ စစ်အုပ်စုကပဲ ဆက်လက်ပြီးတော့ ကိုင်ထားတယ်။
‎ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်တွေကို တွန်းလှန်တဲ့ လူငယ်တွေရဲ့အနာဂါတ်ကို စစ်အာဏာရှင်တွေက စီရင်ဖို့အတွက်ဖြစ်တဲ့အတွက် လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို ပပျောက်အောင် ဒီရွေးကောက်ပွဲမဖြစ်မြောက်အောင် မိမိကျရာအခန်းကဏ္ဍမှာ နည်းလမ်းအမျိုမျိုးနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် အတူအကွ တည်ဆောက်ကြရအောင်လို့လည်း သူကပြောခဲ့ပါတယ်။
‎ကေအဲန်ယူဥက္ကဌ ပဒိုစောကွယ်ထူးဝင်းရဲ့ မိန့်ခွန်းအပြည့်အစုံကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
‎Facebook link – https://shorturl.at/qfN8D
‎သုံးသပ်ချက်
‎Myanmar Update News ရဲ့ သတင်းဟာ အချက်အလက်အမှားတွေပါဝင်ပြီးး လိုရာဆွဲရေးထားတဲ့ဝါဒဖြန့်သတင်းသာဖြစ်ပါတယ်။
‎အာဏာသိမ်းစစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြရတာဟာ ဗမာကွန်မြူနစ်ပါတီအပါအဝင် မြန်မာနိုင်ငံမှာနေထိုင်တဲ့ လူမျိုးတွေရဲ့ လွတ်လပ်ခွင့်နဲ့ တန်းတူအခွင့်အရေး မရရှိတာကြောင့်ဖြစ်ပါတယ်။
‎လက်ရှိစစ်တပ်ကျင်းပမယ့်ရွေးကောက်ပွဲကလည်း နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ သဘောတူညီချက်မပါတဲ့ တရားမဝင်ရွေးကောက်ပွဲသာဖြစ်ပါတယ်။
‎TawNawFM စာဖတ်ပရိတ်သတ်တွေအနေနဲ့ အင်တာနက်လူမှုမီဒီယာပေါ်မှာ ပျံ့နှံ့လာတဲ့ သတင်း၊ အကြောင်းအရာတွေ ကိုအလွယ်တကူ လက်ခံယုံကြည်ခြင်းမပြုဘဲ တိကျခိုင်မာတဲ့သမိုင်းကြောင်းတွေကို လေ့လာဖို့ အကြံပြုလိုပါတယ်။
‎Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
‎Tawnaw FM ကို အောက်ဖော်ပြပါ စာမျက်နှာတွေမှာလည်း ကြည့်ရှုနိုင်ပါတယ်။
‎Website – www.tawnawfm.com
‎Telegram – https://t.me/tawnawfm