“အာဏာရှင်တို့ ပုံရိပ်တည်ဆောက်ခြင်းဆိုတာ အာဏာရှင်တွေ ကိုယ်၌ သော်လည်းကောင်း၊ သူ့နောက်ဆွဲ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို သုံးပြီးတော့ သော်လည်းကောင်း နိုင်ငံနယ်နိမိတ်ပြင်ပမှာ တရားဝင်မှု ရအောင် လုပ်တာ၊ တရားဝင်မှု ပိုကောင်းလာအောင် လုပ်တာ ဖြစ်တယ်”
-အလက်ဇန်းဒါး ဒူကယ်စကီး-
‘အာဏာရှင်တို့ လုံခြုံရာ ခြေကုပ်ကမ္ဘာ ဖန်တီးခြင်း’ စာအုပ်ရေးသားသူ အလက်ဇန်းဒါး ဒူကယ်စကီးက အထက်ပါအတိုင်း ဆိုခဲ့သလိုပင် အာဏာရှင်တို့သည် ၎င်းတို့ တရားဝင်မှု ရရှိရေး နည်းအမျိုးမျိုး သုံးစွဲလေ့ရှိသည်။ အမျိုးမျိုးသော အာဏာရှင်တို့သည် ၎င်းတို့ ရှင်သန်ရပ်တည်နိုင်ရေး ဖန်တီးရာတွင် အစဉ်အလာ နည်းနာ ဖြစ်သော သတင်းတု၊ သတင်းမှား ဝါဒဖြန့်ချိရေး နှင့် လူထုစည်းရုံးရေး တို့ အပြင် အာဏာရှင်ကို ဆန့်ကျင်သော အင်အားစု၊ လူပုဂ္ဂိုလ်တို့ကို ဖမ်းဆီးသုတ်သင်ခြင်း တို့ ပြုလုပ်လေ့ရှိသည်။
စစ်အာဏာသိမ်းပြီးသည့်နောက် ပြည်သူယုံကြည်စိတ်ချသည့် သတင်းဌာနများသည် လိုင်စင်ပိတ်သိမ်းခံရခြင်း၊ မြေပြင်တွင်အလုပ်လုပ်သည့် သတင်းထောက်များ ဖမ်းဆီး၊ သတ်ဖြတ်ခံနေရခြင်းကြောင့် ပြည်တွင်းတွင် သတင်းဌာနများ ရပ်တည်ရန် ပိုမိုခက်ခဲလာခဲ့သည်။ ထို့ကြောင့် ပြည်သူ့သတင်းသိခွင့်ကို တင်ဆက်နိုင်ရန် အွန်လိုင်းကို အဓိက အားပြုတင်ဆက်ရသည်။ ထိုသို့ တင်ဆက်ရာတွင် မြန်မာနိုင်ငံတွင် လူသုံးများသည့် ဆိုရှယ် မီဒီယာ ပလက်ဖောင်း ဖြစ်သည့် Facebook မှ တစ်ဆင့် လူထုထံ သတင်းရောက်ရှိအောင် စွမ်းဆောင်ရသည်ကို တွေ့ရသည်။
၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံတွင် လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းတခုဖြစ်သည့် Facebook Platform ကို အသုံးပြုခွင့်တားမြစ်ရန်၊ Facebook သည် သတင်းမှားများ၊ ပြဿနာများ၏ ပင်မရင်းမြစ်ဖြစ်ကြောင်း တပ်ထောက်ခံသူများ ကျယ်ကျယ်ပြန့်ပြန့်ဝါဒဖြန့်ချိလာသလို၊ စစ်ကောင်စီဘက်မှလည်း အသုံးပြုခွင့်ကို ပိတ်ပင်မည့်သဘော သတင်းစာရှင်းလင်းပွဲများတွင် တရားဝင်ပြောမှုများရှိလာပါသည်။
ထိုကြောင့် Facebook သုံးစွဲမှုအတွက် ပြည်သူများပိတ်ပင်ဖမ်းဆီးခံရပါက လွတ်လတ်စွာထုတ်ဖော်ပြောဆိုခွင့် သာမက ပြည်သူ့သတင်းသိပိုင်ခွင့် (Rights to Information) ကိုပါ ဆုံးရှုံးသွားမည်ဖြစ်ပါသည်။
ထို့ပြင် ရှေ့လများတွင်လည်း ဆက်တိုက်ဖော်ပြခဲ့သလို အွန်လိုင်းပေါ်တွင် စစ်တပ်ကို ဝေဖန်၊ တော်လှန်ရေးကို ထောက်ခံပါက မြေပြင်တွင် အမှန်တကယ်လာရောက် ဖမ်းဆီး၊ နှိပ်စက်၊ တရားစွဲခံရမှုများကို ပြည်သူများ ဆက်တိုက်ခံနေရသလို ဩဂုတ်လအတွင်း စစ်တပ်လော်ဘီများသည် ခြိမ်းခြောက်မှုကို အရှိန်မြှင့်၍ နောက်တစ်ဆင့်တက်လာပါသည်။
နိုင်ငံရေးနှင့် မပတ်သက်ဘဲ မိမိခန္ဓာကိုယ်၏ အရှိတရားကိုဦးစားပေးဖော်ပြကာ လိင်စိတ်တိမ်းညွတ်စေသော ဓာတ်ပုံများ၊ ရုပ်သံများကို အခကြေးငွေယူကာ ရိုက်ကူးသည့် စူပါမော်ဒယ် နှစ်ဦးဖြစ်သော နန်းမွေစံနှင့် သဉ္ဇာဝင့်ကျော် တို့ကို ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု ညှိုးနွမ်းစေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီး၊ တရားစွဲဆိုမှု ပြုလုပ်ခဲ့သည်။ ယင်းအပြင် ကျောက်စိမ်းလောကတွင် နာမည်ကျော် ကျောက်မျက်လုပ်ငန်းရှင် ဦးကျော်သူရ ဖမ်းဆီးခံရမှုကလည်း စီးပွားရေး အသိုင်းအဝိုင်း အပေါ် များစွာ ရိုက်ခတ်မှု ကြီးမားခဲ့သည်။ ဗြိတိန် သံအမတ်ကြီးဟောင်း ဗစ်ကီဗိုးမန်းနှင့် ခင်ပွန်းဖြစ်သူ ပန်းချီဆရာ ထိန်လင်း တို့ကို လိုရာဆွဲ ပုဒ်မဖြင့် ဖမ်းဆီး ထောင်ဒဏ်ချမှတ်ခဲ့မှုကလည်း သံတမန်အသိုင်းအဝိုင်းကို များစွာ ထိတ်လန့်စေခဲ့သည်။
ယင်းသို့သော အနေအထားများက စီးပွားရေး လုပ်ငန်းရှင်များ၊ ဖျော်ဖြေရေး လုပ်ငန်းမှ နာမည်ကျော်များ အပါအဝင် သံတမန်အသိုင်းအဝိုင်းကို အကြောင်းတရားပိုသွတ်သွင်းရန် အခြေအနေပို ပေးလာခဲ့သည်။
စစ်တပ်အလိုတော်ရိများ သတင်းမှားအများစုဖြန့်ချိသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းအများစုမှာ Facebook၊ Telegram နှင့် Youtube တို့ဖြစ်သည်။ The Red Flag သည် ဩဂုတ်လအတွင်း Facebook နှင့် Telegram တွင်ဖြန့်ချိခဲ့သည့် သတင်းမှား အကြောင်းအရာ များကို စောင့်ကြည့်နိုင်ခဲ့သည်။
The Red Flag အနေနှင့် ဩဂုတ်အတွင်း အထိ သတင်းမှားဖြစ်တန်ချေအကြောင်းအရာ ၉၈ ခု၊ အန္တရာယ်ရှိသည့် ဝါဒဖြန့်ချိမှု ၁၂ ခု နှင့် အချက်အလက်စစ်ဆေးသည့် ဌာနများကစိစစ်ခဲ့သည့် သတင်းမှား အပုဒ်ရေ ၁၁၉ ပုဒ်၊ စုစုပေါင်း သတင်းအမှား အကြောင်းအရာ ၂၂၉ ကို စောင့်ကြည့်လေ့လာနိုင်ခဲ့သည်။ သတင်းမှားဖြစ်တန်ချေများကို စိစစ်နိုင်ရန် Daily Alert အပုဒ်ရေ ၉၆ ကို မိတ်ဖက်အဖွဲ့များသို့ ပေးပို့နိုင်ခဲ့ပြီး The Red Flag Website တွင်လည်း တင်ခဲ့သည်။
ယခုလအစီရင်ခံစာတွင် စစ်ကောင်စီနှင့် နောက်ပါ လော်ဘီများ ဖြန့်ချိခဲ့သော သတင်းတု၊ သတင်းမှားများ၊ ထူးခြားသော တွေ့ရှိချက်များနှင့် ပရိသတ်တုန့်ပြန်မှုများ (အပိုင်း -၂)၊ အချက်အလက်စိစစ်သည့် ဌာနများက စစ်ဆေးခဲ့သော အကြောင်းအရာများ (အပိုင်း – ၃) တို့ကို အသေးစိတ်တင်ပြထားပါသည်။ ယင်းအပြင် နောက်ဆုံး အပိုင်း – ၄ တွေ့ရှိချက် အခန်းတွင် ရိုက်ခတ်မှု ကြီးမားသော်လည်း အချက်အလက် စိစစ်ရန် လိုအပ်ချက် ရှိခဲ့သည့် အကြောင်းအရာများကို စုစည်းတင်ပြထားပါသည်။
ဖြန့်ချိခဲ့သည့် သတင်းတု၊ သတင်းမှားများ၊ စိစစ်ရန် လိုအပ်ချက်ရှိခဲ့သည့် အကြောင်းအရာများ အသေးစိတ်ကို နောက်ဆက်တွဲဇယားနှင့် နောက်ဆက်တွဲ ပုံကားချပ်တို့ဖြင့် အသေးစိတ်တင်ပြထားပါသည်။